ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ Smart Phone စစ်ပွဲ (သို့မဟုတ်) Android OS မွေးဖွားလာခြင်း

 


Android OS ဆိုတာ Smart Phone, Tablet စသည် Touchscreen Mobile Device အတွက် ရည်ရွယ် ဒီဇိုင်းဆွဲထားတဲ့ Linux အခြေပြု Operating System တစ်ခု ဖြစ်ပါတယ်။ ဒီနည်းပညာကို Android Inc က စတင် Developed လုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ Google က ဝယ်ယူခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ Mobile Device တွေအတွက် စံချိန်စံညွှန်းတွေကို သတ်မှတ်နိုင်ဖို့ Open Handset Alliance အဖွဲ့ကို ထူထောင်ရင်းနဲ့ Android OS ကို Google က စတင်မိတ်ဆက်ခဲ့တယ်။ Android OS ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး Android Phone ကို ၂၀၀၈ ခုနှစ် အောက်တိုဘာမှာ စတင်ရောင်းချခဲ့တယ်။
Google ဟာ Android OS ကို Open Source အနေနဲ့ Apache License အောက်ကနေ Code တွေကို ဖြန့်ဝေပေးခဲ့တယ်။ ဒီ Android Souce Code တွေကို Hardware Device ထုတ်လုပ်သူတွေ၊ နည်းပညာစိတ်ဝင်စားသူ မည်သူမဆို လွတ်လပ်စွာ ဖြန့်ဝေခွင့်၊ စိတ်ကြိုက် ပြန်လည်ပြင်ဆင်ခွင့်တွေ ပေးခဲ့တယ်။ Android Platform မှာ run နိုင်တဲ့ Application တွေကို Software Developer တွေက သူတို့စိတ်ကြိုက် JAVA programming language version နဲ့ ရေးသားကြတယ်။ ၂၀၁၂ နှစ်ကုန်ပိုင်းထိမှာတောင် Android Application စုစုပေါင်း (၇) သောင်းကျော် ရှိခဲ့တယ်။ Android ရဲ့အဓိက app store ဖြစ်တဲ့ Google Play ကနေ Download လုပ်သည့် အကြိမ်ပေါင်း (၂၅) ဘီလီယံ ရှိတယ်။ ၂၀၁၃ မေလထိ Survey ကောက်ယူမှုအရဆိုရင် Mobile Developer တွေရဲ့ (၇၁) ရာခိုင်နှုန်းဟာ Android Developer တွေ ဖြစ်နေတဲ့အထိ Google ရဲ့ Android Mobile OS ဟာ အောင်မြင်ခဲ့တယ်။
ဖုန်းထုတ်လုပ်သူ စီးပွားရေးသမားတွေအနေနဲ့ ကုန်ကျစရိတ်ကလည်း သက်သာ၊ စိတ်ကြိုက်ပြင်ဆင်လို့လည်းရ၊ ပေါ့ပါးတဲ့အမျိုးအစားလည်းဖြစ်၊ နောင်တစ်ချိန်မှာ Smart Phone လောကမှာ အများဆုံးအသုံးပြုကြမည့် အနေအထားရှိတဲ့အတွက် Android OS ကို သူတို့ရဲ့ Mobile Device တွေမှာ ထည့်သွင်းဖို့ စိတ်အားထက်သန်ကြပါတယ်။ Android OS ကို Phone တွေ၊ Tablet တွေအတွက် ရည်ရွယ်ရေးဆွဲခဲ့ပေမယ့် နောင်တစ်ချိန်မှာ TV, Game Device, Digital Camera နဲ့ တခြား Electronic ပစ္စည်းတွေမှာပါ ထည့်သွင်း အသုံးပြုမည့် အလားအလာတွေကို မြင်တွေ့နေရပါတယ်။
Android ရဲ့အောင်မြင်မှုဟာ တခြား OS အသုံးပြု Smart Phone တွေကို အပြတ်အသတ် ကျော်ဖြတ်ခဲ့ရုံသာမက Android Smart Phone အချင်းချင်း ဈေးကွက်နေရာရရှိအောင်တောင် Phone Company တွေ အနေနဲ့ သူ့ထက်ငါသာအောင် Android OS ကို ပြင်ဆင်ထုတ်လုပ်နေကြရပါတယ်။ ဒါ့ကြောင့် မိုဘိုင်းနည်းပညာကုမ္ပဏီတွေကြားမှာ Smartphone စစ်ပွဲဖြစ်နေပြီလို့တောင် တင်စားပြောဆို နေကြလေရဲ့။ ၂၀၁၃ မတ်လအထိတော့ Samsung ရဲ့ Android OS သုံး Smart Phone တွေက ဈေးကွက်ရဲ့ (၆၄) ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ ၂၀၁၃ နှစ်လယ်ပိုင်းထိ Screen Size အမျိုးအမျိုး၊ Android OS Version အမျိုးမျိုးနဲ့ မတူညီတဲ့ Android Device Model ပေါင်း (၁၁၈၆၈) မျိုးတောင် ရှိသတဲ့။ (၉၀၀) မီလီယံ အရေအတွက်ရှိသော Android Device တွေကနေ Google Play Store ဆီက (၄၈) ဘီလီယံ အရေအတွက် ရှိသော Android Application တွေကို ထည့်သွင်း Install လုပ်ကြပါတယ်။
Android OS စတင်ဖြစ်ပေါ်လာပုံ
Android, Inc ကို ၂၀၀၃ အောက်တိုဘာလမှာ ကယ်လီဖိုးနီးယား၊ ပါလိုအယ်တို မှာ အန်ဒီရူဘင်၊ ရစ်(ချစ်)မိုင်နာ၊ နစ်ဆီယား၊ ခရစ်ဝှိုက် တို့က စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့အစောပိုင်း ရည်ရွယ်ချက်က Digital Camera တွေအတွက် အဆင့်မြင့် Operating System ထုတ်လုပ်ဖို့ ဖြစ်ခဲ့ပေမယ့် အဲဒီအချိန်က Digital Camera ဈေးကွက်ဟာ များများစားစား မရှိခဲ့ဘူး။ ဒါကြောင့် သူတို့ရှေ့က အရင်ရောက်ပြီး Mobile ဈေးကွက်ကို မင်းမူနေတဲ့ Symbian နဲ့ Windows Mobile (ထိုအချိန်က Apple ရဲ့ iPhone မပေါ်သေးပါ) တို့ကို ယှဉ်ပြိုင်နိုင်တဲ့ Smartphone Operating System ထုတ်လုပ်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ Android ကုမ္ပဏီအနေနဲ့ ထိုအချိန်က ဝန်ထမ်းအင်အားနဲ့ နည်းပညာအနေအထားအရ Android Mobile OS ထုတ်လုပ်နိုင်ပေမယ့် လျို့ဝှက်သိုသိပ်စွာလုပ်ဆောင်ခဲ့ကြပြီး ကမ္ဘာကိုတော့ “ Mobile OS ထုတ်လုပ်ဖို့မဟုတ်၊ Mobile Application မျှသာ ထုတ်လုပ်ရန်ဖြစ်သည်” ဟု အသိပေးခဲ့ပါတယ်။ ဒါဟာလည်း Symbian MOS နဲ့ Windows MOS တို့ မရိပ်မိစေရန် ဖြစ်ပါတယ်။ Android ကုမ္ပဏီဟာ နည်းပညာအရ အခြေအနေကောင်းနေပေမယ့် Founder တွေဆီမှာတော့ လုပ်ငန်းဆက်လက်အကောင်အထည် မဖော်နိုင်လောက်အောင်ကို ငွေကြေးပြတ်လပ်သွားတာပါပဲ။ အန်ဒီရူဘင်က သူ့ငယ်သူငယ်ချင်း စတိပါမန်ဆီက ဒေါ်လာ တစ်သောင်း ကြွေးယူခဲ့ပေမယ့် သူငယ်ချင်းကိုတော့ ကုမ္ပဏီရဲ့အစုရှယ်ယာရှင်အနေနဲ့ ပါဝင်ဖို့ ငြင်းဆိုခဲ့ပါတယ်။
၂၀၀၅ သြဂုတ် ၁၇ မှာ Google က Android Inc ကို သူ့ရဲ့လက်အောက်ခံကုမ္ပဏီအဖြစ် အပြီးအပိုင် ဝယ်ယူလိုက်ပါတယ်။ Android OS ကို မွေးဖွားပေးခဲ့တဲ့ အဓိက Key Player တွေဖြစ်တဲ့ ရူဘင်၊ မိုင်နာ နဲ့ ဝှိုက်တို့ကိုလည်း ကုမ္ပဏီမှာ ဆက်လက်ခန့်ထားပါတယ်။ အဲဒီအချိန်တုန်းက Android ကုမ္ပဏီဟာ လူမသိသူမသိ ဖြစ်နေပေမယ့် Google က ဝယ်ယူလိုက်တာကြောင့် မိုဘိုင်းဈေးကွက်ထဲကို မကြာမှီအချိန်တွင်းမှာ ရောက်ရှိလာတော့မယ်ဆိုတာကတော့ ရိပ်စားမိခဲ့ကြပါတယ်။ Linux Kernel ကို အခြေပြုထားတဲ့ Mobile Device Platform ကို ရူဘင်ဦးဆောင်ပြီးတော့ အပြင်အထန်း Developed လုပ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ Google က Handset ထုတ်လုပ်သူတွေကို တည်ငြိမ်ပြီး Flexible လည်းဖြစ်၊ ထပ်မံ Upgrade လုပ်နိုင်တဲ့ Mobile OS သူတို့မှာ ရှိနေတဲ့အကြောင်း မတ်လုံးကတိတွေပေးပြီး ဈေးကွက်ကို စတင်ရှာဖွေထားပါတယ်။ ၂၀၀၆ နှစ်ကုန်ပိုင်းလောက်မှာ BBC နဲ့ Wall Street ဂျာနယ်တွေမှာ Google က Mobile OS နဲ့ Mobile Application တွေ ထုတ်လုပ်ဖြန့်ချီဖို့ အပြင်းအထန် ကြိုးစားနေတဲ့ အကြောင်း သတင်းထုတ်ပြန်ခဲ့ကြပါတယ်။ တချို့ Online Media နဲ့ Print Media တွေက Google က သူ့ကိုယ်ပိုင် Google နာမည်နဲ့ Handset တွေ ထုတ်လုပ်တော့မည်ဆိုတာကိုတောင် ကောလဟာလ ဖြန့်ခဲ့ကြပါသေးတယ်။
၂၀၀၇ နိုဝင်ဘာ ၅ ရက်မှာ Google အပါအဝင် Smartphone ထုတ်လုပ်တဲ့ HTC, Sony, Samsung၊ Wireless Device တွေ ထုတ်လုပ်ဖြန့်ချီတဲ့ Sprint Nextel, T-Mobile၊ Chipset ထုတ်လုပ်တဲ့ Qualcomm, Texas Instruments စတဲ့ ကုမ္ပဏီတွေပေါင်းပြီး Mobile Device အတွက် စံချိန်စံညွှန်းတွေ သတ်မှတ်ဖို့ Open Handset Alliance နာမည်နဲ့ နည်းပညာအဖွဲ့အစည်း တည်ထောင်ကြောင်း ကြေငြာခဲ့ပါတယ်။ အဲဒီနေ့မှာပဲ Linux Kernel version 2.6 ကို အခြေခံထားတဲ့ Google ရဲ့ ပထမဆုံး Android Mobile OS မိတ်ဆက်ခဲ့ပါတယ်။ ဈေးကွက်ထဲကို တရားဝင်ဖြန့်ချီတဲ့ Android OS အသုံးပြု Smart Phone ကတော့ ၂၀၀၈ ခုနှစ် အောက်တိုဘာ ၂၂ ရက်မှာ ထုတ်လုပ်ခဲ့တဲ့ HTC Dream ဖြစ်ပါတယ်။
အပြစ်အနာအဆာကင်းပြီး တည်ငြိမ်သော Mobile Operating System ဖြစ်ဖို့ Google ဟာ Android အတွက် Feature အသစ်တွေ ထပ်မံပေါင်းထည့်ခြင်း၊ ထုတ်လုပ်ပြီး ယခင် Version အဟောင်းများမှ အားနည်းချက်များကို ရှာဖွေဖာထေးပြုပြင်ခြင်းဖြင့် ကမ္ဘာ့အသုံးအများဆုံး Mobile Operating System ဖြစ်အောင် တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။ Android MOS ရဲ့ အဓိက Major Release Version တွေကို အင်္ဂလိပ်အက္ခရာအစဉ်အတိုင်း နာမည်ပေးပါတယ်။ Apple ရဲ့ Mac OS နာမည်တွေက Lion ကဲ့သို့သော တောရိုင်းတိရစ္ဆာန်နာမည်တွေ ပေး၊ Ubuntu Linux OS က ချစ်စရာအကောင်နာမည်လေးတွေ ပေးနေတာတွေကို အားကျပြီးတော့ Google က စားချင်စဖွယ် အချိုပွဲနာမည်လေးတွေကို သူ့ရဲ့ MOS Version အဖြစ် သတ်မှတ်ခဲ့ပါတယ်။ Android OS Version 1.5 ကို Cupcake (ကြက်ဥမုန့်) လို့ နာမည်ပေးပြီး သူ့နောက်ထုပ်တဲ့ Version 1.6 ကို Donut(ဒိုနတ်)၊ စသဖြင့် အချိုပွဲနာမည်တွေပေးလာခဲ့တာ ခု လက်တလော နောက်ဆုံး Version ဖြစ်တဲ့ 4.3 မှာ Jelly Bean ဖြစ်ပါတယ်။ ဒါဆိုရင် သူ့နောက်လာမှာက အင်္ဂလိပ်အက္ခရာ K နဲ့စတဲ့ မုန့်တစ်မျိုးပဲ ဖြစ်ပါလိမ့်မည်။
၂၀၁၃ မတ်လ ၁၃ ရက်နေ့မှာ Google အမှုဆောင် လာရီပေ့(ဂျ်)က သူ့ရဲ့ ကိုယ်ပိုင် Blog Site ကနေ Android ဖခင် အန်ဒီရူဘင်ကို Google ရဲ့တခြား Project အသစ်မှာ တာဝန်ထမ်းဆောင်ဖို့ Android ဌာနကနေ နုတ်ထွက်ကြောင်း ကြေငြာခဲ့ပါတယ်။ သူ့နေရာကို Chrome Operating System ကို Developed လုပ်နေတဲ့ ဆန်ဒါပစ်ချီနဲ့ လက်တလော အစားထိုးထားပါတယ်။

ဆက်လက်ဖော်ပြပါမည်။

ဝေဖြိုးအောင် (AIT Computer)
www.aitcomputer.com
www.aitonlinetraining.com
https://www.facebook.com/AITcomputermandalay 

Comments

Popular posts from this blog

ဘုန်းကြီးကျောင်းသားဘဝမှ CEO ဖြစ်လာသူ

ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ Smart Phone စစ်ပွဲ (သို့မဟုတ်) Android OS မွေးဖွားလာခြင်း 2

မြန်မာနိုင်ငံ အဝေးသင်တက္ကသိုလ်များနှင့် e-Learning ကဏ္ဍ (အပိုင်း-၁)