Mobile Phone လောကကို ခြိမ်းခြောက်နေတဲ့ Phone Virus များ
ဖုန်းမှာ ဝင်တဲ့ Virus မို့ Phone Virus လို့ပြောပေမယ့် အမှန်တကယ်တော့ ကွန်ပျူတာဗိုင်းရပ်(စ်) ပါပဲ။ လုပ်ဆောင်ချက်တွေ အားလုံးဟာ အတူတူပါပဲ။ အဖျက်လုပ်ငန်းတွေလုပ်ဆောင်နိုင်တဲ့ Program တွေ ဖန်တီးလို့ရတယ်ဆိုတဲ့ သဘောတရားကို သိပ္ပံပညာရှင် ဂျွန်ဗွန်နူမန်က ၁၉၄၉ ခုနှစ်ကတည်းက စတင် တွေ့ရှိခဲ့ပါတယ်။ အဲဒီကတည်းက self-replicated လို့ခေါ်တဲ့ ကိုယ့်ဖာသာကိုယ် ဖိုင်ပွားထုတ်နိုင်တဲ့ အနေအထားကို မြင်တွေ့ခဲ့ပါတယ်။ အဲဒီတုန်းက ဗိုင်းရပ်(စ်)လို့ ခေါ်ရကောင်းမှန်း မသိကြသေးပါဘူး။
၁၉၈၄ ခုနှစ်ကြမှ ဘွဲ့ယူဖို့စာတမ်းပြုစုနေတဲ့ ဖရက်ကိုဟန်က သူ့ရဲ့ စာတမ်းမှာ Self-replicated Program တွေကို Computer Virus လို့ စတင်သုံးစွဲခဲ့ပါတယ်။ ၁၉၈၀ ဝန်းကျင်က Computer Virus တွေဟာ တစ်စက်ကနေ တစ်စက်ကို ကူးစက်ပျံ့နှံဖို့ လူကိုယ်တိုင် အားစိုက်ရပါတယ်။ အင်တာနက် နည်းပညာ ပေါ်လာတဲ့ အချိန်ကျမှ မိနစ်အနည်းငယ်အတွင်း တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံနိုင်အောင် စွမ်းဆောင်လာနိုင်ပါတယ်။
Mobile Device တွေကို တိုက်ခိုက်နိုင်တဲ့ Malicious Program တွေ နှစ်မျိုး ရှိပါတယ်။ Worm နဲ့ Trojan ဖြစ်ပါတယ်။ Worm တွေဟာ User က ခိုင်းနေစရာမလိုဘဲနဲ့တင် SMS, MMS တွေက တဆင့် ပျံ့နှံပါတယ်။ ဒီ Malware အမျိုးအစားရဲ့ အဓိက လုပ်ဆောင်ချက်က Mobile Device ပျက်စီးတဲ့အထိ မျိုးပွားဖြန့်ချီပါတယ်။ Worm ဝင်ထားတဲ့ Mobile Device ကနေ Contact List ကတဆင့် ကျန်တဲ့ Mobile Device တွေကို ဆက်လက် ပျံ့နှံပါတယ်။ Trojan ကတော့ User ကိုယ်တိုင် အင်တာနက်ကနေ ဒေါင်းလုပ်ဆွဲပြီး ထည့်လိုက်တဲ့ Application တွေအနေနဲ့ ဟန်ဆောင်ပါလာတတ်ပါတယ်။ Activate ဖြစ်လာရင်တော့ ပရိုဂရမ်မာ ခိုင်းစေညွှန်ကြားတဲ့အတိုင်းပဲ အဖျက်လုပ်ငန်းတွေကို လုပ်ကိုင်ပါတယ်။ Spyware အမျိုးအစားဖြစ်တဲ့ Trojan တွေကတော့ Phone ထဲမှာ ရှိတဲ့ User ရဲ့ ဆက်သွယ်ရမည့် Contact List, အပြန်အလှန်ပေးပို့ထားတဲ့ Messages, မှတ်သားထားတဲ့ Notes, ရိုက်ကူးထားတဲ့ Photo, Video ဖိုင်တွေ, Email Account Gmail Account, Facebook Account, Online Banking Account စတဲ့ အရေးကြီးတဲ့ Personal သတင်းအချက်အလတ်တွေကို ဗိုင်းရပ်(စ်) ရေးတဲ့ Remote Server ဆီကို လှမ်းပို့ပါတယ်။ Worm နဲ့ Trojan ရဲ့ အဓိက ကွားခြားချက်က Worm က User မခိုင်းဘဲနဲ့ သူဖာသာသူ လုပ်ဆောင်တတ်ပြီး Trojan ကတော့ User ရဲ့ ပယောဂ တစ်ခုခုကြောင့်သာ (မသိလို့ဖွင့်မိတာ ဖြစ်ဖြစ်) Activate ဖြစ်ပြီး လုပ်ဆောင်ပါတယ်။
ကမ္ဘာ့ပထမဆုံး Mobile Virus
ကမ္ဘာ့ပထမဆုံး Mobile Virus လို့ယူဆရတဲ့ Telefonica Virus ကို သက္ကရာဇ် ၂၀၀၀ ခုနှစ် ဇွန်လမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ရုရှနဲ့ ဖင်လန်နိုင်ငံမှာ ရှိတဲ့ Antivirus Company က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး စတင်ဖြစ်ပွားလာတဲ့ နိုင်ငံကတော့ စပိန်နိုင်ငံ ဖြစ်ပါတယ်။ Worm အမျိုးအစားဖြစ်တဲ့ Telefonica ဟာ Worm အမျိုးအစားဖြစ်ပြီး GSM Mobile Phone တွေရဲ့ SMS ကနေ တဆင့် “ Information for you: Telefonica is fooling you” ဆိုတဲ့စာသားကို ပေးပို့ပါတယ်။
၂၀၀၄ ခုနှစ် ဇွန်လမှာ Mosquito လို့ခေါ်တဲ့ Mobile Game ကနေ Anti-piracy Trojan Virus ကို ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဒီဗိုင်းရပ်(စ်)ကလည်း User မသိအောင် SMS Message တွေ လိုက်ပို့ပါတယ်။ ထပ်မံ Upgrade လုပ်လိုက်တဲ့ Mosquito Game ကျမှ Virus မရှိတော့တာပါ။ သို့ပေမယ့် Virus ပါတဲ့ Game အဟောင်းဟာ Unlincesed Version အနေနဲ့ Free Software Download Website တွေနဲ့ Black Market တွေမှာ ယခုထိ ရှိနေသေးတဲ့အတွက် သတိထားရပါမယ်။
၂၀၀၄ ခုနှစ် ဇူလိုင်လမှာ ကွန်ပျူတာသမားတွေက ထုတ်လုပ်လိုက်တဲ့ Cabir Mobile Virus ထွက်ရှိလာပါတယ်။ Cabir ဟာ Bluetooth ဖွင့်ထားတဲ့ ဖုန်းတွေမှာ အလွယ်တကူ ပြန့်ပွားပါတယ်။
၂၀၀၅ ခုနှစ် မတ်လမှာ Symbian Phone တွေမှာ ပျံ့နှံတဲ့ Commwarrior-A Worm ထွက်ပေါ်လာပါတယ်။ ဖုန်းထဲက Address Book က လိပ်စာတွေကနေတဆင့် MMS (Multimedia Messaging System) တွေ လိုက်ပို့ပါတယ်။ ဒီ Worm ဟာ သိပ်တော့ အန္တရာယ် မရှိလိုက်ပေမယ့် အနာဂတ်မှာ ဖြစ်ပေါ်လာမည့် Mobile Phone Virus တွေ အတွက် ရှေ့ဆောင်လမ်းပြ ဖြစ်ခဲ့ပါတယ်။
၂၀၁၀ ခုနှစ် သြဂုတ်လမှာ Kaspersky ကနေ SMS.AndroidOS.FakePlayer Trojan ကို စတင်တွေ့ရှိကြောင်း ကြေငြာခဲ့တယ်။ Google ထုတ် Andorid OS တွေ သုံးစွဲထားတဲ့ Smartphone အသိုင်းအဝိုင်းမှာဆိုရင် FakePlayer Trojan ဟာ ပထမဆုံးဗိုင်းရပ်(စ်) လို့ ပြောလို့ရတယ်။ ဒီကောင်က User မသိအောင် များပြားလှတဲ့ SMS Message တွေ ပို့ပြီး Phone Bill တွေကို အလွယ်တကူ ကုန်စေပါတယ်။ မိမိရဲ့ Phone Bill ခဏ ခဏ အမြန်ကုန်နေရင် FakePlayer Virus ရှိမရှိ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့တိုင်ပင်ပြီး စစ်ဆေးသင့်ပါတယ်။
လူတိုင်း ကွန်ပျူတာမရှိနိုင်ပေမယ့် လူတိုင်း ဖုန်းရှိနိုင်တဲ့ခေတ်ကို ရောက်ရှိလာပါပြီ။ ဒါကြောင့် ခေတ်ကာလ စီးပွားရေးအနေအထားအရ ကွန်ပျူတာသမားတိုင်း မိုဘိုင်းဖုန်းပညာကို သင်ယူသင့်နေပါပြီ။ ကွန်ပျူတာအတွက် Antivirus Program တွေ ရေးနေတဲ့ Trend Micro, AVG, avast!, Kaspersky, Softwin စတဲ့ ကုမ္ပဏီတွေတောင် Mobile Operating System တွေအတွက် Antivirus Program တွေ စတင်ရေးသားဖြန့်ချိနေပါပြီ။ Android Market တွေမှာလည်း တစ်နေ့တခြားတိုးပွားလာနေတဲ့ Android Application တွေကို Malware ပါ မပါ စစ်ဆေးဖို့ဆိုတာ လွယ်ကူလှတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါကြောင့် မိုဘိုင်ဖုန်းတွေရဲ့လုံခြုံရေးဟာ မေးခွန်းထုတ်စရာတွေ ရှိလာနေပါတယ်။
ဝေဖြိုးအောင် (AIT Computer)
Comments
Post a Comment