ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ Smart Phone စစ်ပွဲ (သို့မဟုတ်) Android OS မွေးဖွားလာခြင်း 2
ဝေဖြိုးအောင် (AIT Computer)
ယခင်အပတ်မှအဆက်
Android OS က Linux OS ကို အခြေခံတည်ဆောက်ထားပါတယ်။ Linux OS က Unix OS ကို အခြေခံထားတာပါ။ ဒါကြောင့် OS family အရ ပြောမယ်ဆိုရင် Android OS ဟာ Unix အမျိုးအနွယ်ဝင် ဖြစ်ပါတယ်။ Android OS မှာ အသုံးပြုထားတဲ့ Programming Language တွေက C (core), C++, Java(UI) တို့ဖြစ်ပါတယ်။ Unix OS ကို ခမ်းသောပဆွန်နဲ့ ဒန်းနစ်ရစ်ချီတို့က ၁၉၆၉ ခုနှစ်မှာ စတင်ရေးသားခဲ့ကြပြီး ၁၉၇၀ မှာ စတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ Linux OS ရဲ့ အဓိက Kernel ကိုတော့ လင်းနစ်တာဗယ်က ၁၉၉၁ မှာ စတင်ရေးသားပြီး အင်တာနက်မှ တဆင့် သူ့ရဲ့ Linux OS ကို Open Source အဖြစ် မည်သူမဆို စိတ်ကြိုက်ပြင်ဆင်အသုံးပြုနိုင်တဲ့ OS အဖြစ် Free ဖြန့်ချီခဲ့ပါတယ်။ Linux OS ရဲ့ Kernel Version 2.6 နဲ့ 3.x ကို အခြေခံထားတဲ့ Android OS ကိုတော့ ၂၀၀၅ မှာ စတင်ရေးသားခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ဖြန့်ချီခဲ့ပါတယ်။
User Interface
Android ရဲ့ User Interface ဟာ မျက်နှာပြင်ကို တိုက်ရိုက်ထိတွေ့နိုင်တဲ့ Touch Screen နည်းပညာကို အသုံးပြုထားပါတယ်။ ဖိဆွဲခြင်း (swiping), ဆက်ခနဲ တောက်ခြင်း (tapping), မြင်ကွင်းအကျဉ်း အကျယ်လုပ်ရန် လက်နှစ်ချောင်းဖြင့် အတွင်းသို့ ညှပ်ဆွဲခြင်း (pinching), အပြင်သို့ ညှပ်ဆွဲခြင်း (reverse pinching) ပြုလုပ်ပြီး အသုံးပြုရပါမည်။ အတိုချုပ် မှတ်ရမည်ဆိုရင် ဖိ၊ တောက်၊ ဆွဲ၊ ညှပ် ဖြစ်ပါသည်။ User ခိုင်းစေချက်တွေကိုလည်း အချိန်နှင့် တပြေညီ (realtime processing) ပြန်လည်တုံ့ပြန်နိုင်အောင် အရည်အသွေးမြင့် ထိတွေ့မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ အရှိန်ပြကိရိယာ (accelerometer), ဟိုဘက် ဒီဘက် မလူးအောင် ထိန်းသည့် ကိရိယာ (gyroscope), အနီးစပ်ဆုံး တိကျစွာ ပုံဖော်ပေးနိုင်တဲ့ ကိရိယာ (proximity sensor) စတဲ့ Internal Hardware တွေ တပ်ဆင်ထားတာကြောင့် Screen Rotation ကို On ထားမယ်ဆိုရင် ဒေါင်လိုက်အနေအထား (portrait) ကနေ အလျားလိုက်အနေအထား (landscape) ပြောင်းလိုက်ပါက Screen ပုံရိပ်ကလည်း အလိုက်သင့် ပြောင်းသွားပါမည်။ ကားမောင်းဂိမ်းတွေမှာလည်း Device ကိုပဲ Car Steering Wheel ကဲ့သို့ အသုံးပြုနိုင်အောင် စီမံထားပါတယ်။
Android Device တွေဟာ Boot လုပ်ပြီးပြီချင်း Homescreen ကို တန်းရောက်ပါတယ်။ PC တွေရဲ့ Desktop မှာ မြင်ရတဲ့အတိုင်းပဲ Homescreen မှာ အမြန်ဝင်ရောက်အသုံးပြုနိုင်တဲ့ Application တွေ Device နဲ့ ပတ်သက်တဲ့ အရေးကြီး Information တွေ ပါဝင်ပါတယ်။ များသောအားဖြင့် Homescreen မှာ သုံးနေကျ Application တွေရဲ့ Shortcut Icon တွေ၊ Widget တွေ ပါဝင်တတ်ပါတယ်။ သတင်းအချက်အလတ်တွေကို အချိန်နှင့် တပြေညီ ဖော်ပြပေးနေတဲ့ Weather Forecast, Email Inbox, News Ticker တွေကနေ လက်တလော နောက်ဆုံးသတင်း နောက်ဆုံးအခြေအနေတွေကို Live ပြပေးနေပါမည်။ Homescreen ကို တစ်မျက်နှာတည်းသာမက User ကြိုက်သလောက် အရေအတွက်အတိုင်းထားရှိနိုင်ပါတယ်။ တစ်မျက်နှာကနေ တစ်မျက်နှာပြောင်းချင်ရင်လည်း ဖိဆွဲ ပွတ်ဆွဲရင်း အလွယ်တကူ ပြောင်းလဲနိုင်ပါတယ်။ Homescreen အတွက် စိတ်ကြိုက် Theme တွေကိုလည်း Google Play နဲ့ တခြား App Store တွေမှာ အလွယ်တကူ ဒေါင်းလုပ်ဆွဲယူ နိုင်ပါတယ်။ Windows Phone ကဲ့သို့သော တခြား Mobile Operating System တွေရဲ့ Homescreen Design တွေ ကြိုက်ရင်လည်း ပြောင်းလဲနိုင်ပါတယ်။ Android ဖုန်းထုတ်လုပ်သူတွေဟာ မိမိတို့ရဲ့ Homescreen ပုံစံကို တခြား Android Phone Design တွေနဲ့ မတူညီအောင် ပြိုင်ဆိုင် ပြင်ဆင်ကြပါတယ်။
Screen ရဲ့ ထိပ်ဆုံးမှာ ပါဝင်တဲ့ Status Bar ကတော့ ပုံမှန်အတိုင်းဆိုရင် ဆက်သွယ်မှုဆိုင်ရာ အခြေအနေတွေ ဖော်ပြနေပြီး သူ့ကို အောက်ကို ဖိဆွဲချလိုက်မယ်ဆိုရင် အသစ်လက်ခံရရှိတဲ့ Email, SMS text, Miss Called, Application Update, Download စတာတွေကို မြင်တွေ့ရပါမည်။
Applications
Android Platform ပေါ်မှာ ရွေးချယ်စရာ Application တွေ အမြောက်အများ ရှိပါတယ်။ Google Play, Amazon Appstore ကဲ့သို့သော တရားဝင်ဆိုဒ်တွေက ရရှိနိုင်သလို တခြား Third-party Site တွေကလည်း ရရှိနိုင်ပါတယ်။ အစောပိုင်းအချိန်ကာလတွေက မြန်မာနိုင်ငံအနေနဲ့ Google Paly ကို တရားဝင် လမ်းကြောင်းကနေ ဝင်လို့ မရဘဲ Proxy ကျော်ပြီးမှ ဝင်ရပါတယ်။ အဆင့်များစွာလုပ်ပေးရတဲ့အတွက် ကွန်ပျူတာ Knowledge အားနည်းကြတဲ့ သာမာန်ဖုန်းကိုင်ဆောင်သူ User တွေအတွက် မလွယ်ကူခဲ့ပါဘူး။ Google အမှုဆောင်ကိုယ်တိုင် မြန်မာပြည်လာပြီးနောက်ပိုင်းမှာတော့ Google Play ကို မြန်မာအိုင်ပီနဲ့ အလွယ်တကူဝင်လို့ရပြီး Myanmar Unicode ကိုပါ Google Service တွေမှာ အသုံးပြုလို့ရအောင် ဆောင်ရွက် ပေးခဲ့ပါတယ်။ www.google.com.mm အနေနဲ့ Myanmar Unicode စစ်စစ်ကို ထည့်သွင်းပေးခဲ့ပေမယ့် သူ့ရှေ့က အရင်နေရာယူထားသော Zawgyi Font က မြန်မာအင်တာနက်လောကရဲ့ ၉၉.၉၉% နီးပါး အသုံးပြုထားတာ ဖြစ်တဲ့အတွက် အရာမထင်ခဲ့ပါဘူး။ Zawgyi Font ထည့်ထားတဲ့ ကွန်ပျူတာ၊ ဖုန်း၊ Tablat တွေရဲ့ Google Home Page မှာ မြန်မာစာအတည့် မပေါ်ပါဘူး။ အသိတစ်ယောက်ပြောတဲ့စကားဆိုရင် “ Google က မြန်မာစာထည့်ပေးထားတာ စာလုံးပေါင်းလည်း မမှန်ဘူး” တဲ့။ သြော် ... Google ခမျာ စေတနာတွေ ဝေဒနာဖြစ်ရပြီပေါ့။ နောင်ငါးနှစ်လောက်ကြာတဲ့အထိ မြန်မာပြည်ရဲ့ Unicode Font စစ်ပွဲဟာ ပြီးဆုံးနိုင်လိမ့်မည် မထင်ပါ။ Google နဲ့ Microsoft တို့ Myanmar Unicode ထည့်ပေးတာ အချိန်စောတယ် လို့ ပြောမှာလား? ကျွန်တော်တို့က လိုက်ပါပြောင်းလဲခြင်း နောက်ကျနေတာလား? မပြောတတ်တော့ပါဘူး။ IT Device တွေ၊ Android Version တွေ အချိန်နဲ့ တပြေးညီ တရွေ့ရွေ့ပြောင်းလဲတိုးတတ်နေပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ ခုချိန်ထိ ကိုယ့်မြန်မာစာကို ဘယ်စနစ်နဲ့ သိမ်းဆည်းရမည်ကို မသိကြသေးပါဘူး။ ကွန်ပျူတာအတွက် မည်သည့်ဖောင့်ဟာ အမှန်ဆိုတာ ငြင်းခုံနေဆဲ ကာလ အဖြေမထုတ်နိုင်သေးခင်ပဲ Smart Phone တွေ Tablat တွေ ပေါ်လာသည်။ On-line Storage တွေ Cloud တွေမှာ မြန်မာစာကို နည်းစနစ်မှန်မှန်နဲ့ သိမ်းဆည်းနိုင်ဖို့ကို တိုးတတ်လာတဲ့ ကမ္ဘာ့နည်းပညာတွေနဲ့ လိုက်ရောညီထွေဖြစ်အောင် အမျိုးသားရေးစိတ်ဓာတ်တွေနဲ့ အားလုံးညီညီညွှတ်ညွှတ် ကြိုးစား ဆောင်ရွက်သင့်သည်။ ကြာရင် အင်တာနက်ပေါ်မှာ မြန်မာစာဟာ Spelling(စာလုံးပေါင်း) အမှားဆုံး ဘာသာစကားတစ်ခု ဖြစ်လာပေလိမ့်မည်။ ခုပဲ ကြည့်လေ Google Home Page ကနေ စမှားနေကြပြီ မဟုတ်ပါလား။ ဘယ်လိုလုပ်များ အတွင်းက Database ထဲထိ ကိုယ်လိုချင်တဲ့ မြန်မာစကားလုံးကို ရှာဖွေနိုင်တော့မှာလဲ။ မြန်မာ့နောက်ဆုံးသတင်းတွေကို ကွန်ပျူတာနဲ့ကြည့်ကြည့်၊ ဖုန်းနဲ့ကြည့်ကြည့် စကားလုံးအလွဲတွေကို နားလည်ပေးပြီး အကြောင်းအရာကိုသာ မနည်း မှန်းဖတ်နေရသည်။ အစမကောင်းတော့ အနှောင်းမသေချာလိုက်တာများ ကျွန်တော်တို့ မျိုးဆက်မှာတင် မက ကျွန်တော့်တို့ရဲ့ သားစဉ်မျိုးဆက်တွေထိ ဒီကိစ္စက အလုပ်ရှုပ်နေဦးမှာပါ။
Google က ရွှေမြန်မာတွေမှာ Visa Card, Master Card တွေ ကိုင်ဆောင်ခွင့်မရှိသေးဘူးဆိုတာ သိထားတဲ့အတွက် (ရွှေမြန်မာတွေဆီက ပိုက်ဆံမရနိုင်သေးတာကြောင့်) မြန်မာပြည်ကနေ ကြည့်နိုင်တဲ့ Google Play မှာ Free Application များကိုသာ ဦးစားပေးဖော်ပြထားကြတယ်။ ကောင်းပေ့ ညွှန့်ပေ့ APK များကိုတော့ သူများနိုင်ငံရဲ့ Porxy နဲ့ ကျော်ကြည့်မှသာ တွေ့နိုင်ပါတယ်။ ဒါကိုလည်း နည်းပညာမြင့်မားတဲ့ ရွှေမြန်မာတွေက Blatmark လို apk ကနေတဆင့် Crack လုပ်ပြီးသား အဆင့်မြင့် apk များကို ရယူသုံးစွဲတဲ့နည်းနဲ့ ယာယီဖြေရှင်းထားပါတယ်။
Google အနေနဲ့ သူ့ရဲ့ Android Platform မှာ ခုလိုမျိုး Application ပေါပေါများများရရှိအောင် Programmer တွေအတွက် Android SDK(Software Development Kit) ကို Free ပေးပါတယ်။ SDK ဆိုတာ Software Programmer တွေအတွက် အဓိက Development Tool တစ်ခုဖြစ်ပြီး အဲဒီထဲမှာ Debugger, Software libraries, Handset Emulator, အသုံးပြုပုံပြုနည်း Document, နမူနာ Sample Code, လုပ်ဆောင်နည်း Tutorial တွေ ပါဝင်ပါတယ်။ တရားဝင်ထောက်ပံ့ပေးထားတာက Android Development Tool (ADT) plugin အသုံးပြုထားတဲ့ Eclipse ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က Programmer တွေ ရေးထားတဲ့ Android Application တွေကို Google ရဲ့ Play Store မှာ တင်ရောင်းခွင့်ပြုထားပါတယ်။ ကော်မရှင်အနေနဲ့ apk တစ်ခုရဲ့ရောင်းချငွေ ၃၀ ရာခိုင်နှုန်းကို Google ကရရှိပြီး APK ရေးသူ Programmer က ၇၀ ရာခိုင်နှုန်း ရရှိပါတယ်။
Google က သူ့ရဲ့နောက်ဆုံး Android OS version အသစ်ဖြစ်တဲ့ 4.4 Kitkat (ချောကလတ်) နဲ့ Smart Phone လောကကို စိန်ခေါ်လိုက်ပါပြီ။ Android Version 4.4 Kitkat ဟာ Google ရဲ့ ၁၉ ခုမြောက် Android Version ဖြစ်ပါတယ်။ Kitkat မှာ ပါဝင်မည့် New Feature တွေနဲ့ Smart Phone လောကကို ဘယ်လို ဦးဆောင်သွားမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
ဝေဖြိုးအောင် (AIT Computer)
www.aitcomputer.com
www.aitonlinetraining.com
https://www.facebook.com/AITcomputermandalay
Comments
Post a Comment