Hacker ဆိုတာ ဘာလဲ?
Hacker ဆိုတာ Electronic ပစ္စည်းတွေ၊ ကွန်ပြုတာ စနစ်တွေ၊ Network စနစ်တွေကို အလွန်ကလိချင်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ကွန်ပြုတာ စနစ် အလုပ်လုပ်ပုံကို အသေးစိတ် သိချင်နေသူတွေဖြစ်ပြီး ပိုမိုကောင်းမွန်အောင် အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေချင်နေကြပါတယ်။ Hacker အမျိုးအစား (၂) မျိုး ရှိပါတယ်။
White Hat
သူတို့ကို Good Guy အဖြစ် သတ်မှတ်ကြပါတယ်။ White Hat Hacker တွေဟာ တရားဥပဒေ ချိုးဖောက်ဖို့ အတွက် သူတို့ရဲ့ ပညာရပ်ကျွမ်းကျင်မှုတွေကို အသုံးမပြုကြပါဘူး။ များသောအားဖြင့် သူတို့ဟာ ကွန်ပြူတာ လုံခြုံရေး ကျွမ်းကျင်သူတွေ ဖြစ်လာကြပြီး Black Hat တွေရဲ့ ရန်ကနေ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပေးပါတယ်။
Black Hat
သူတို့ကိုတော့ Bad Gay အဖြစ် သတ်မှတ်ကြပါတယ်။ Black Hat Hacker တွေက သူတို့ရဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေကို ကိုယ်ကျိုးအတွက် အသုံးချပါတယ်။ Black Hat တွေဟာ ဘယ်လိုလူစားတွေလဲ ဆိုတော့ ဘဏ်တွေကို ထိုးဖောက်ဝင်ရောက်တယ်၊ Credit Card တွေကို ခိုးတယ်၊ Website တွေကို ပုံစံပြောင်း ပြုပြင်ရေးသားကြတယ်။
ဒီစကားလုံးနှစ်ခုဟာ ရှေးဟောင်းအနောက်တိုင်း ရုပ်ရှင်က ဆင်းသက်လာ ကြတာဖြစ်ပြီး လူကောင်းတွေက ဦးထုပ်ဖြူ ဆောင်းကြပြီး လူဆိုးတွေက ဦးထုပ်နက် ဆောင်းကြတယ် လို့ ဆိုပါတယ်။
Black Hat တစ်ယောက်ရဲ့ ဘဝဟာ ကြောက်ရွံ့ ထိတ်လန့်ဖွယ် ကောင်းတယ်ဆိုတာကို အခုဆိုရင် သင် သဘောပေါက်လောက်ပါပြီ။ ကိုယ့်အိမ်က ရေချိုးခန်းသာသာလောက်သာရှိတဲ့ အကျဉ်းထောင် တိုက်ခန်းထဲမှာ နှစ်ပေါင်းများစွာ အပိတ်ခံထားရမည့် ဘဝမျိုးကို သင်အလိုရှိမှာ မဟုတ်လောက်ပါဘူး။ ခု စာအုပ်မှာ ပါဝင်တဲ့အကြောင်းအရာတွေကလည်း Heacker တွေ ဘယ်လို ထိုးဖောက်ကြသလဲဆိုတာ သိစေရုံ သက်သက်ဖြစ်ပြီး လုံခြုံရေးဆိုင်ရာ နည်းပညာ (Security Technique) မြင့်မားလာစေဖို့ ရည်ရွယ်ပါတယ်။
Script Kiddy
သူတို့ဟာ Hacker ဖြစ်ချင်သူတွေပါ။ သူတို့တတွေက Hacker တွေရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်နေကြတဲ့ အတွက် Hacker အသိုင်းအဝိုင်းက သူတို့ကို အထင်သေးကြပါတယ်။ Script Kiddy တွေဟာ Hacking ကျွမ်းကျင်မှု မရှိတဲ့အပြင် တခြား Hacker တွေ ရေးသားထားတဲ့ Tool တွေကို နောက်ကွယ်က ဆိုးကျိုးတွေ ဘယ်လို ထပ်ဖြစ်လာနိုင်တယ်ဆိုတာ ဂဃနဏ မသိဘဲနဲ့ ဘလိုင်းကြီး သုံးနေကြတဲ့ သူတွေပါ။
Intermediate Hacker
သူတို့ကတော့ ကွန်ပြူတာအကြောင်း၊ Network အကြောင်း သိရှိကြပြီး Script တစ်ခု ဘယ်လို အလုပ်လုပ်တယ်ဆိုတာ ဆက်စပ်သိရှိနိုင်တဲ့ Programming Knowledge လုံလုံလောက်လောက်ရှိကြပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ Attacking လုပ်တဲ့နေရာမှာတော့ Script Kiddy တွေလိုပဲ သူများရေးပြီးသား နာမည်ကြီး Exploit (အိတ်ပလွိုင့်လို့ အသံထွက်သည်) တွေကို အသုံးပြုကြပါတယ်။ Exploit ဆိုတာ Computer System ကို ထိန်းချုပ်နိုင်ဖို့ လုပ်ကိုင်ပေးတဲ့ သူများရဲ့ ယိုပေါက် အားနည်းချက်ကို အခွင့်ကောင်းယူထားတဲ့ Programming Code ပဲဖြစ်ပါတယ်။
Elite Hacker
သူတို့ကတော့ ကျွမ်းကျင်တဲ့ Hacker တွေဖြစ်ကြပါတယ်။ သူတို့ကိုယ်တိုင်ပဲ Hacker Tool တွေ Exploit တွေ အများကြီးရေးသားနိုင်ကြပါတယ်။ System တွေထဲကို ထိုးဖောက်ဝင်ရောက်နိုင်ပြီး သူများလုပ်သွားသကဲ့သို့ ထင်ရလောက်အောင် ကိုယ့်ကိုကိုယ် ခြေရာဖျောက်နိုင်ကြပါတယ်။ သင်လည်း တစ်ချိန်ချိန်မှာ အဲဒီ အဆင့်ရောက်အောင် ဇွဲရှိရှိနဲ့ ကြိုးစာသင့်ပါတယ်။
Hacker တစ်ယောက်ဖြစ်လာအောင် ဘာတွေလုပ်ရမှာလဲ?
အောင်မြင်ကျော်ကြားတဲ့ Hacker ပညာရှင်တစ်ယောက်ဖြစ်ဖို့ သိပ်တော့ မလွယ်လှပါဘူး။ အချိန်တိုတိုအတွင်း အလျင်အမြန် ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ တီထွင်ဖန်တီးဉာဏ် အများကြီး လိုအပ်ပါတယ်။ ဖြေရှင်းရမည့် ပြဿနာ တသီတတန်းကြီးက ဆီးကြိုနေမှာ ဖြစ်သလို Hacker တစ်ယောက်အတွက် တွေ့ကြုံရမည့် ပြဿနာတွေက အများကြီးရှိနေပါတယ်။ သင့်မှာ ထိုးထွင်ဉာဏ်ရှိလေ System ကို Hack ဖို့ အခက်အခဲမရှိ လွယ်ကူလေ ဖြစ်မှာပါ။သင့်မှာ မရှိမဖြစ် ရှိထားရမည့် အဓိက အရည်အသွေးတစ်ခုက သိချင်စိတ် များများရှိဖို့ပါ။ အဲဒီ စိတ်မရှိသ၍ကာလပတ်လုံး ကွန်ပြူတာလောကမှာ သင့်အတွက် ရပ်တည်ဖို့ နေရာရှိမှာ မဟုတ်ပါဘူး။ သေသေချာချာ မှတ်ထားလိုက်စမ်းပါ။ Knowledge is power ဆိုတာ။ Hacking ဆိုင်ရာ Topic အများစုဟာ သဘောပေါက် နားလည်ဖို့ ခက်ခဲတာကြောင့် စိတ်ရှည်သည်းခံတတ်ဖို့လည်း လိုအပ်တယ်နော်။ ပုံမှန်လေ့လာချိန်နဲ့ မလုံလောက်ပဲ Overtime တွေနဲ့မှသာ Hacking ပညာရပ်မှာ သင့်အနေနဲ့ Master တစ်ယောက်ဖြစ်လာမှာပါ။
Hacker တစ်ယောက်ဖြစ်ဖို့ Programming တတ်စရာ လိုသေးလို့လား?
သင်ဟာ ကိုယ့်ကိုကိုယ် ပြန်မေးမိကောင်း မေးမိပါလိမ့်မယ်။ ငါ့အနေနဲ့ Hacker တစ်ယောက်ဖြစ်ဖို့ Programming တတ်စရာ လိုသေးလို့လား? ဆိုတာ၊ အဖြေကတော့ လိုတယ်၊ မလိုဘူး ဆိုပြီး နှစ်မျိုးစလုံး မှန်ပါတယ်။ ဒါဟာ သင်ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ပေါ်မှာ မူတည်ပါတယ်။ ခုခေတ်မှာတော့ Program တစ်ခုကို ကလစ်တစ်ချက်နှိပ်လိုက်တာနဲ့ ဘာမဆို ဖြစ်နိုင်နေပါပြီ။ သင့်အနေနဲ့ အသင့်ရေးပြီးသား Hacking Tool တွေကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ပြီးဆိုရင် Programming Knowledge ဘာမှမရှိဘဲနဲ့ အတော်အသင့် တတ်ကျွမ်းတဲ့ Ethical Hacker တစ်ယောက်ဖြစ်နိုင်ပါတယ်။ Security Tool အားလုံးကို ကောင်းကောင်းကြီး နားလည် သဘောပေါက်တယ်ဆိုရင် သင့်အနေနဲ့ ထိရောက်တဲ့ Hacking တစ်ချို့ကို ပြုလုပ်နိုင်ပါတယ်။ အဲဒီ Program တွေ နောက်ကွယ်ကနေ ဘယ်လို အလုပ်လုပ်နေတယ် ဆိုတာကို ခရေစေ့တွင်းကျ သိနေပေမယ့်လည်း လူအများစုကတော့ သင့်ကို Script Kiddy အဖြစ်သာ သတ်မှတ်ကြပါလိမ့်မည်။ ပုဂ္ဂိုလ်ရေးအရ ခင်လို့ အကြံဉာဏ် ပေးတာနော်။ ခုပဲ Programming ပညာရပ်ကို ချက်ချင်းသင်ယူ လေ့လာလိုက်ပါ။ ဒါဟာ အရမ်းအရေးကြီးတဲ့ အခြေခံ Foundation ဖြစ်တဲ့ အပြင် သင့်ကိုလည်း အစစအရာရာ နားလည်သဘောပေါက်အောင် အထောက်အကူအများကြီးပြုပါလိမ့်မည်။ Program ရေးနည်းကို သင်ယူလိုက်တာနဲ့ တပြိုင်နက် သင်ကိုယ်တိုင်ပဲ ကိုယ်ပိုင် exploit တွေကို ရေးသားလာနိုင်ပါလိမ့်မည်။ ဒါ့အပြင် အောက်ပါအကျိုးကျေးဇူး တွေကိုလည်း ရရှိခံစားရပါလိမ့်မည်။
၁။ သင်ကို Hacker အဖြစ် သတ်မှတ်ကြပါလိမ့်မည်။
၂။ Black Hat တစ်ယောက်ဟာ ဟာကွက်တစ်ခုကို တွေ့ပြီဆိုရင် အဲဒီအတွက် exploit Code ကို ဘယ်သူမှ မသိခင် ကိုယ်တိုင် ရေးသားအသုံးပြုနိုင်တယ် ဆိုကြပါစို့။ ဘယ်သူမှ အဲဒီဟာကွက်ကို မရှာဖွေနိုင် patch မလုပ်နိုင်သေးသ၍ သူ့အနေနဲ့ System အရေအတွက်များစွာ ကို Hacking လုပ်နိုင်ပါလိမ့်မည်။
၃။ ကိုယ်ပိုင် program ဒါမှမဟုတ် Exploit တွေကို ဖန်တီးပြီးခဲ့ရင်တော့ သင့်ကို စိတ်ကျေနပ်မှု များစွာကို ပေးစွမ်းပါလိမ့်မည်။ အဲဒီလို တကယ်ဖြစ်မယ်ဆိုတာ သေချာပေါက် ကတိပေးပါတယ်။
နောက်ဆုံး အနေနဲ့ အကြံပေးချင်တာကတော့ Point Click Hacker ဖြစ်နေရုံနဲ့ ကျေနပ်ရောင့်ရဲ တင်းတိမ် မနေပါနဲ့။ Programming ကို အခြေခံလောက်ဖြစ်ဖြစ် တတ်သိနားလည်အောင် အချိန်လုပြီး သင်ယူလေ့လာလိုက်ပါ။ Hacker လောကကြီးက သင့်ကို တံခါးဖွင့်ပြီး ကြိုဆိုလျက်ပါ။
ဘယ်ကနေ စတင် လေ့လာသင့်ပါသလဲ?
လူအများစုဟာ Programming Language တစ်ခုကို စတင်လေ့လာတော့မယ် လို့ ဆုံးဖြတ်ချက် ချနိုင်ပေမယ့် ဘယ်ကနေ စတင်လေ့လာရမလဲဆိုတာ သေချာ မသိကြပါဘူး။ သင့်အနေနဲ့ Programming Language ကို စတင်မလေ့လာခင် Hyper Text Markup Language လို့ခေါ်တဲ့ HTML ကို အရင်ဆုံး လေ့လာသင့်ပါတယ်။ အင်တာနက်ပေါ်မှာ သင်မြင်နေရတဲ့ Website တွေရဲ့ Webpage အားလုံးလိုလိုဟာ HTML ရဲ့ အစိတ်အပိုင်းတွေနဲ့ ပြုလုပ်ထားကြပါတယ်။ HTML ဟာ သင်ယူလေ့လာရာမှာ အရမ်းလွယ်ကူမှုရှိပြီး Source Code တွေကို ကြည့်ရှုရာမှာလည်း များစွာ အသုံးဝင်ပါတယ်။
HTML ပြီးရင်တော့ သင့်ဘဝရဲ့ Programming အတွေ့အကြုံကို C နဲ့ စတင် လေ့လာသင့်ပါကြောင်း ကျွန်တော် အကြံပြုချင်ပါတယ်။ C ဟာ လူကြိုက်အများဆုံး Programming တွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အခုလက်ရှိ အသုံးများနေကြတဲ့ exploit တွေရဲ့ အဓိက code တွေကို C နဲ့ပဲ ရေးသားထားကြတာ များပါတယ်။ စွမ်းအားအပြင်းဆုံး Hacking Program အချို့ကို C နဲ့ ရေးသားထားကြပြီး လက်ရှိ မင်းမူနေတဲ့ Virus တွေကလည်း C Programming လက်ရာတွေ ဖြစ်ကြပါတယ်။
အကောင်းဆုံး လေ့လာနည်းစနစ်
Programming Language ကို အကောင်းဆုံး လေ့လာသင်ယူနိုင်မည့် နည်းလမ်းတွေကို ရွေးချယ်ပေးလိုက်ပါတယ်။
၁။ Beginner တွေအတွက် ရည်ရွယ် ရေးသားထားတဲ့ အခြေခံ Programming Language စာအုပ်တွေကို ဝယ်ပါ။ စာအုပ်ကို ရွေးချယ် မဝယ်ယူခင် အဲဒီ့ စာအုပ်ဟာ သင့်လိုအပ်ချက်နဲ့ အမှန်တကယ် ကိုက်ညီမှု ရှိမရှိ ဆိုတာ Book Review ကို သေချာ ဖတ်ပါ။
၂။ စတင်လေ့လာလိုက်တာနဲ့ တပြိုင်နက် အဲဒီစာအုပ်ပြီးဆုံးတဲ့အထိ အဆက်မပြတ် လေ့လာဖို့ အရေးကြီးပါတယ်။ အချိန်အကြာကြီးပစ်မထားပါနဲ့။ ရှေ့သင်ခန်းစာတွေဟာ ကျန်ရှိနေတဲ့ နောက်သင်ခန်းစာတွေနဲ့ ဆက်စပ်နေတဲ့ အတွက် လေ့လာပြီးသမျှ မမေ့ဖို့ အထူးလိုအပ်ပါတယ်။
၃။ စာအုပ်ထဲမှာ ခိုင်းစေညွှန်ကြားထားတဲ့ လေ့ကျင့်ခန်းတွေကို အကုန်လုံးပြုလုပ်ပါ။ တစ်နေ့တခြား ပိုမိုတိုးတတ်ကောင်းလာစေဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ သိပြီးသမျှ သင်ပြီးသမျှတွေကို လက်တွေ့အသုံးချခြင်းပါပဲ။
၄။ ခက်ခဲတဲ့ အစိတ်အပိုင်း နားမလည်တဲ့ အကြောင်းအရာတွေနဲ့ တွေ့ခဲ့ရင်လည်း အဲဒီအခန်းကို မကျော်ပါနဲ့။အဲဒီအစား ထိပ်တိုက် ရင်ဆိုင်လိုက်ပါ။ ဒါမှသာ အမှန်တကယ် သင်ယူခြင်းမည်ပါတယ်။ ခဏခဏကြိမ်ဖန်များစွာ ဖတ်နေတာတောင် နားမလည်ဘူး ဆိုရင် သင့်ကို အကူအညီပေးနိုင်မယ့်သူကို ရှာပါ။
၅။ အင်တာနက်ပေါ်က Programming Forum တွေမှာ Member ဝင်ပါ။ Member User အများကြီးရှိတဲ့ Website တွေကို ရှာပါ။ အဲဒီမှာ သင်ဒုက္ခရောက်နေတာကို ကူညီဖြေရှင်းပေးနိုင်တဲ့ Professional ပညာရှင် အမြောက်အများရှိနေပါတယ်။
၆။ လေ့ကျင့်ပါ။ ခဏခဏလေ့ကျင့်ပါ။ ထပ်ကာထပ်ကာ လက်တွေ့ လေ့ကျင်ပါ။ သင့်ရေးသားနိုင်မယ့် ပျော်စရာ Program တွေကို စဉ်းစားရွေးချယ်ရေးသားပါ။ Program ကလည်း သင့်ကို ပျော်ရွှင်မှုတွေ ပေးပါလိမ့်မည်။
Linux ဆိုတာ ဘာလဲ?
Linux ဆိုတာ Unix Operating System နဲ့ ဆင်တူတဲ့ Free ရတဲ့ Open-Source OS ဖြစ်ပါတယ်။ Hacking ဘာသာရပ်ကို ဆက်လက်သင်ယူမယ်ဆိုရင် Linux OS အသုံးပြုပုံကို သင်ယူဖို့ အရေးကြီးတယ်ဆိုတာ သဘောပေါက်နားလည်ရပါမည်။ ခင်ဗျား ယုံအောင် ဘယ်လိုပြောရမလဲ? အချက် (၂) ချက်ပဲ ပြောမယ်ဗျာ။
၁။ အင်တာနက်ပေါ်က Web Server သန်းပေါင်းများစွာဟာ Linux Operating System ပေါ်မှာ run နေကြပါတယ်။ အဲဒီ Web Server တွေကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ Linux OS ကို လေ့လာသင်ယူရပါမည်။
၂။ အကောင်းဆုံး Hacking Program တွေဟာ Linux ပေါ်မှာပဲ Run နိုင်ကြပါတယ်။
Linux Distribution တစ်ခုကို ရွေးချယ်ခြင်း
Linux Distribution ဆိုတာ Kernel ပဲဖြစ်ပါတယ်။(Kernel မှာ OS တစ်ခုရဲ့ အဓိက အစိတ်အပိုင်းတွေ စုစည်းပါဝင်ပါတယ်) ဒါ့အပြင် အသုံးချ application တွေလည်း ပါဝင်ပါတယ်။ သင်ဟာ Linux နဲ့ အစိမ်းသက်သက် ဖြစ်နေရင် သူဆိုထားတဲ့ “ဒီဇင်ဘာည” သီချင်းကို အရင်နားထောင်လိုက်ပါ။ အဲလေ ယောင်လို့ Ubuntu Linux ကို စတင်အသုံးပြုကြည့်ပါလို့ အကြံပေးချင်တာပါ။ ထည့်သွင်း Install လုပ်ရတာ လွယ်ကူမှုရှိပြီး အရမ်းကို User Friendly ဖြစ်ပါတယ်။ လူကြိုက်များပြီး အသုံးအများဆုံး Linux OS တွေကို http://distrowatch.com မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ဝေဖြိုးအောင် (AIT Computer)
www.aitcomputer.com
www.aitonlinetraining.com
https://www.facebook.com/AITcomputermandalay
Comments
Post a Comment