Computer Virus အကြောင်း သိကောင်းစရာများ
Virus ဆိုတာလက်ရှိ အိုင်တီလောကကို ချိန်းခြောက်နေတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး Black Hacker တွေရဲ့ လက်ပါးစေ Program ဖြစ်ပါတယ်။ မကြာခင်စတင်တော့မယ့် Cyber War ရဲ့ ရှေ့တန်းစစ်မြေပြင် စစ်သားတွေဟာ Computer Virus တွေဖြစ်တယ်ဆိုရင်လည်း မမှားပါဘူး။ အီရန် နျူးကလီးယာ အစီအစဉ်တွေကို Stunex Virus ထည့်သွင်းပြီး စောင့်ကြည့်ခဲ့တဲ့ အစ္စရေးလုပ်ရပ်ဟာ Computer Virus ကို အသုံးချပြီး သူလျှိုလုပ်ခဲ့တာပါပဲ။ အပျော်တမ်းအဆင့်ကနေ စတင်ခဲ့တဲ့ Computer Virus ဟာ ခုချိန်မှာဆိုရင် နိုင်ငံရေး၊ စီးပွားရေးထိ အသုံးချလို့ ရနေတဲ့ Professional Virus ဖြစ်နေပါပြီ။ ဗိုင်းရပ်အကြောင်း သင်ရိုးညွှန်တမ်းတွေဆွဲပြီး စနစ်တကျ လေ့လာဆည်းပူးရတဲ့ ဘာသာရပ်အဖြစ် သုတေသနလုပ်နေရတဲ့ အဆင့်ကို ရောက်နေပါပြီ။
Computer စတင်ပေါ်ပေါက်လာပြီး မကြာခင်မှာပဲ Computer Network ဆိုတာလည်း ဖြစ်ပေါ်လာပါတယ်။ Network နဲ့ Virus ဘယ်ဟာက စောသလဲဆိုရင်တော့ Virus က Network ထက် ပိုစောပါတယ်။ Computer Standalone ခေတ်မှာကတည်းက Virus ဟာ Floppy Disk တွေက တစ်ဆင့် ပြန့်နှံ့လာပါတယ်။ Network လည်းပေါ်လာရော data တွေနဲ့အတူ Virus File တွေလည်း Cable ကြိုးကနေ ချိတ်ဆက်ထားတဲ့ ကွန်ပြူတာတိုင်းကို ကူးစက်ပြန့်ပွားနိုင်တာ လေ့လာတွေ့ရှိ ရပါတယ်။ Network only တုန်းကတော့ LAN လောက်ပဲ ပြန့်နှံ့နိုင်တာပေါ့။ Network ပေါ်ပြီး မကြာခင် တစ်ကမ္ဘာလုံးချိတ်ဆက်ထားတဲ့ Internet လည်းပေါ်လာရော Virus တစ်ကောင်ဟာ မိနစ်အနည်းငယ်အတွင်းမှာပဲ တစ်ကမ္ဘာလုံးကို ပြန့်နှံ့နိုင်တာ တွေ့ရှိရပါတယ်။ Internet ပေါ်လာတဲ့ အတွက် Off line Virus တွေဟာ On line Virus အဖြစ် တစ်ခေတ်ဆန်းလာပါတယ်။
ဗိုင်းရပ်ဘယ်အချိန်ကစသလဲ?
ဗိုင်းရပ်စ်ဆိုတဲ့ ဝေါဟာရဟာ ၁၉၈၃ ခုနှစ်အတွင်းမှာပေါ်ပေါက်ခဲ့ပါတယ်။ စတင်ပေါ်လာ ခါစကတော့ သိပ်မထူးဆန်းပေမယ့် ၁၉၈၆-၈ရ ခုနှစ်များရောက်လာတော့ ဒုက္ခပေးတတ်သော ဗိုင်းရပ်စ်အဖြစ် ပထမဆုံး လက်ခံလာကြရတယ်။ အဲဒီအချိန်က ဗိုင်းရပ်စ်တစ်နေရာမှ တစ်နေရာသို့ ပေးပို့မှုကို floppy disk ကတစ်ဆင့်လုပ်ကြတယ်။ တစ်ဦးတစ်ယောက်မှ ကွန်ပျူတာတစ်လုံးစီမှ အခြားတစ်လုံးစီသို့ ကိုယ်တိုင်သယ်ဆောင် ပေးပို့ဖို့ ဆိုလိုပါတယ်။ ၁၉၉ဝပြည့်နှစ် အလယ်ပိုင်း လောက်ရောက်တော့ Network စနစ်တွေ ထွန်းကားလာတဲ့အပြင် Internet အသုံးပြုမှုပါ တွင်ကျယ်လာတဲ့အတွက် အီးမေးလ်ဖြင့် document ပေးပို့နေကြပြီဖြစ်သဖြင့် e-mail attachment အဖြစ်ဗိုင်းရပ်ကို ထည့်သွင်းပေးပို့မှုများ ရှိလာပါတော့တယ်။ ထိုဗိုင်းရပ်စ်က တစ်လအကြာတွင် တစ်ခြား e-mail များကိုလည်း ကူးစက်ဖျက်ဆီးနိုင်လို့ ကမ္ဘာအနှံ့ ဒုက္ခပေးသည်အထိ ဖြစ်သွားတော့တယ်။ ၁၉၉၉ ခုနှစ် ရောက်သောအခါ Love letter ကဲ့သို့ e-mail-worms များကကမ္ဘာတစ်ဝန်းလုံးရှိ ကွန်ပျူတာပေါင်း ၁၅ သန်းကို တစ်ရက်အတွင်း ထိခိုက်သွားစေတဲ့အထိ ဆိုးဝါးလာပါတော့တယ်။
Slammer ကဲ့သို့ network virus သည် ၁၃မိနစ်ဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိ e-mail address ပေါင်း 4 Billion ခန့် ပြန့်နှံ့သွားစေပြီး ထိခိုက်ပျက်စီးစေခဲ့တယ်။ အဲဒီဗိုင်းရပ် ကတော့ ဖွင့်ကြည့်မှုကြောင့် ပျံ့နှံ့အောင်ဆောင်ရွက်စရာ မလိုတော့ပေ။ ဘယ်ကွန်ပျူတာမဆို Network ကြိုးဖြင့် ချိတ်ဆက်ထားသည့်အနေအထားရှိနေလျှင်ပင် ဝင်ရောက်ထိခိုက်မှု ရှိစေလာတယ်။ မိမိကွန်ပျူတာက အင်တာနက်ဆက်သွယ်မှုကို DSL နည်းဖြစ်စေ၊ cable modem နည်းစနစ်ဖြစ်စေ၊ WiMax နည်းစနစ်ဖြစ်စေ၊ Fiber နည်းစနစ်ဖြစ်စေ ရောက်ရှိလာစေတဲ့ဗိုင်းရပ်စ်မျိုးဖြစ်တယ်။
ထိုဗိုင်းရပ်စ်များ၏ပျံ့နှံ့မှုနှုန်းထားကအတော်မြန်ပါတယ်။ System ရဲ့ယိုပေါက်ကိုလည်း ရှာဖွေနိုင်စွမ်းပိုကောင်းလာပါတယ်။ Blaster ဗိုင်းရပ်စ်ကတော့ စက်တွေကို ရပ်တန့်သွားစေပြီး လေကြောင်းထိန်းချုပ်မှုစနစ်တွေကို ဒုက္ခရောက်စေခဲ့ပါတယ်။ အမေရိကန်နိုင်ငံတွင်းဆိုလျှင် ရထားမောင်းနေရာမှရုတ်တရက် ရပ်တန့်သွားသည့် အဖြစ်မျိုးအထိ ကြုံတွေ့ခဲ့ကြရတယ်။ Blaster ရေးသူအနေဖြင့် ထိုသို့ပျက်စီးသွားစေလိုသော အဖျက်တရားဖြင့် လုပ်ကိုင်ခဲ့ခြင်းမဟုတ်၊ ဘယ်လောက် အတိုင်းအတာအထိ ပျံ့နှံ့နိုင်စွမ်းရှိတယ်ဆိုတာကို သိရှိလိုတဲ့သဘောသက်သက်ပါပဲ လို့ဝန်ခံထားတယ်။
လူတွင်ဝင်ရောက်ကူးစက်ခံရသော ရောဂါပိုး Virus များက သဘာဝတရား၏ ဒဏ်ခက်မှုကြောင့်သော်လည်းကောင်း၊ လူတွေ၏ကိုယ်ကျင့်တရား ပျက်စီးမှုကြောင့် သော်လည်းကောင်း၊ ရာသီဥတု ဖောက်ပြန်မှုများကြောင့်သော်လည်းကောင်း စသဖြင့် ပေါ်ပေါက်လာရပါတယ်။ Computer မှာ စွဲကပ်တဲ့ Virus ကတော့ လူတွေက တမင်တကာ ဖန်တီးထားသော Program များဖြစ်ပါတယ်။ ဒါကိုတော့ Man-made Virus လို့ခေါ်ပါတယ်။ Virus ကို ဘယ်လို အဓိပ္ပါယ်ဖွင့်ထားသလဲဆိုတော့
‘နှောက်ယှက်ဖျက်ဆီးလုပ်နိုင်သော Program တစ်ခုပါပဲတဲ့။ အသုံးပြုသူ User ရဲ့ ခွင့်ပြုချက်မရှိဘဲ User တောင်မသိလိုက်အောင် သူ့ဘာသာသူ ကွန်ပြူတာမှာ Install လုပ်နိုင်အောင် Design ဆွဲထားပါတယ်။ Computer System ကို Virus Programmer ခိုင်းစေတဲ့အတိုင်း ဖျက်ဆီးပါတယ်။ တစ်ချို့ Virus တွေက စက်ကို အန္တရာယ်မလုပ်သော်လည်း တစ်ချို့ကတော့ data တွေကို ဖျက်ဆီးပစ်တယ်၊ Operating System (e.g Window XP) တွေကို ဖျက်ဆီးတယ်၊ Boot လုပ်လို့မရအောင်၊ ဒီ PC ကို အဝေးကနေ Control လုပ်နိုင်အောင် (Remote Control) … စသဖြင့် ဖန်တီးပါတယ်။ Virus ဟာ Network e-mail, USB Ports တွေကနေတဆင့် သူ့ကိုယ်သူပွားအောင် Design ဆွဲထားပါတယ်။’
Virus တို့၏ သဘောသဘာဝ
မိမိစက်ကို virus စတင်ဝင်ရောက်ခံရပြီဆိုရင် စက်ကိုအသုံးပြုရသည်မှာ လေးနေသည်၊ နှေးနေသည်ဟု မသိစိတ်မှ ခံစားမိပါသည်။ သုံးနေကျ Program ကိုခေါ်ယူရာတွင် ပုံမှန်ခေါ်ယူနေကျအချိန်ထက်ကြာမြင့်နေခြင်း၊ သုံးရင်းတန်းလန်း စက်မှာ Hang သွားခြင်း။
စက် Hang တယ်ဆိုသည်မှာ မောက်(စ်)လှုပ်ရှားလို့မရတော့၊ Keyboard ကလည်း ဘာကီးမှနှိပ်မရတော့၊ Ctrl+Alt+Delete နှိပ်သော်လည်း Task Manager မပေါ်တော့၊ Caps lock နှိပ်သော်လည်း Caps lock မီးမပွင့်တော့၊ Nam Lock နှိပ်သော်လည်း Nam lock မီးမလှုပ်ရှားတော့။ နောက်ဆုံး System ပုံးမှ Power ခလုတ်သော်လည်းကောင်း၊ Restart ခလုတ်သော်လည်းကောင်း နှိပ်မှ စက်ဟာ ပိတ်သွားပါတယ်။
ထိုသို့ Normal Shut Down မဟုတ်ဘဲ စက်ဟာပိတ်သွားခြင်းကြောင့် နောက်တခါ Window ပြန်တက်ရာတွင် Error များစွာဖြင့် ကြုံတွေ့နိုင်ပါသည်။
Start Window Normally 30 Second ပေါ်လာပြီး Last Known Good Configuration ရွေးပြီး Enter ခေါက်မှ Window ဟာပြန်တက်လာပါတယ်။
Last Known Good Configuration ဖြင့်တက်သော်လည်း Window Logo ပေါ်လာပြီး စက်မှာ ပြန်၍ Restart ကျသွားပါတယ်။ ဒီအခြေအနေကို Window လည်ထွက်ခြင်း လို့ခေါ်ပါတယ်။ ဒါဆိုရင် Widow ရဲ့နောက်ဆုံးလက်နက်ဖြစ်တဲ့ Safe Mode နဲ့ တက်ရမှာဖြစ်ပါတယ်။ System ပုံးကို ပါဝါဖွင့် တီဆိုတဲ့ အချက်ပေးသံပေါ်လာပြီး Motherboard ကြော်ငြာ ပေါ်လာတဲ့ အခါFunction Key F8 ကိုနှိပ်ပါ။ ထို့နောက် Safe Mode ကိုရွေးပြီး Enter နှိပ်ပါ။ Window ဟာ မရှိမဖြစ်လိုအပ်သော Driver Files အနည်းငယ်ဖြင့် တတ်လာပါမည်။ ဒါဆိုရင်တော့ မျှော်လင့်ချက် ရှိပါသေးသည်။
ယခုအခါ IT ခေတ်ရောက်လာသည်နှင့်အညီ Computer သည် လူ့အသိုင်း အဝိုင်း လူ့ပတ်ဝန်းကျင်နှင့် တစ်မျိုးမဟုတ် တစ်မျိုးပတ်သက်နေကြပါသည်။ User များသည် Computer ကိုရည်ရွယ်ချက် အမျိုးမျိုးဖြင့် အသုံးပြုကြသည်။¬¬¬¬တချို့က အိမ်မှာ ကိုယ့်သား သမီးများ ဂိမ်းဆော့ရန်အတွက် ကွန်ပြူတာကို ဝယ်ယူတပ်ဆင်ကြသည်။ တချို့က computer ကို DTP အဖြစ်သုံးရန် Printer နှင့်တွဲ၍ ဝယ်ယူကြသည်။ ဓာတ်ပုံဆရာများက ဓာတ်ပုံများကို အလွယ်တကူ တည်းဖြတ်ဖန်တီးနိုင်ရန် Colour Printer, Memory Card Reader များဖြင့်တွဲဖက် ဝယ်ယူကြသည်။ Video ရိုက်ကူးရေးသမားများနှင့် Editing သမားများက Video ရုပ်သံဖန်းတီးရန်၊ Animation ဖန်းတီးရန် AV/DV Capture Card, TV Tuner Card များတပ်ဆင်၍ ဝယ်ယူကြသည်။ Engineer များက Auto Cad, 3D Max Software များသုံးရန် ကွန်ပျူတာကို ဝယ်ယူကြသည်။ ကျောင်းသူ၊ ကျောင်းသား အများစုက Thesis လုပ်ရန် ဝယ်ယူကြသည်။ Programmer များက Software ရေးရန် ဝယ်ယူကြသည်။ တချို့က ကွန်ပျူတာသင်တန်းဖွင့်ရန်၊ အင်တာနက်ဆိုင်ဖွင့်ရန်၊ Game ဆိုင်ဖွင့်ရန်၊ စတိုးဆိုင်နှင့် တချို့လုပ်ငန်းများက စာရင်းစစ်၊ စာရင်းကိုင်လုပ်ငန်းလုပ်ဖို့ Computer ကိုဝယ်ယူ ကြသည် စသဖြင့် လူအများစုသည် Computer ကို တစ်နည်း မဟုတ်တစ်နည်း ပတ်သက်နေ ကြသည်။
မိမိအပါအဝင် လူအများစုသည် Computer ကို စတင်အသုံးပြုစဉ် ပျော်ရွှင်မှုများထက် စိုးရိမ်မှုများဖြင့် စတင်ကိုင်တွယ်ခဲ့ရတယ်။ ကိုယ်ခိုင်းတဲ့အတိုင်း Computer က ဖြစ်မှ ဖြစ်ပါ့မလား၊ အခုပဲ Computer ကြီးက ပျက်သွားမှာလား၊ စက်ဖွင့်လိုက်ရင် Window ပြန်တက်လာပါ့မလား၊ ဒ ဓ ကိုရိုက်ရင်ဘာကြီးပေါ်လာပါလိမ့် စသဖြင့် ပြဿနာများစွာ ကြုံတွေ့ခဲ့ရပါတယ်။ မိမိကမှ Computer မကျွမ်းကျင် သေးပါဘူးဆိုမှ မင့်စက်တော့ Virus ဝင်နေတယ်လို့ ပြောခံရရင် ကြောက်လန့်သွားကြပါတယ်။
Virus အမျိုးအစားများ
Virus တွေဟာ ပုံစံနှစ်မျိုးနဲ့အလုပ်လုပ်ကြတဲ့ Program တွေပါပဲ။ တစ်နည်းနည်းနဲ့ ကွန်ပျူတာထဲရောက်အောင် ကြိုးစားတယ်။ နည်းလမ်းတွေကတော့ Hacker တွေရဲ့ လုပ်ဆောင် ချက်တွေပေါ်မှာ မူတည်ပါတယ်။
၁။ Proliferate (ပွားသထက်ပွားလာခြင်း)
Virus က ကူးလာတုန်းကတော့ တစ်ကောင်တည်းဖြစ်ချင်ဖြစ်မယ်။ ပြီးတော့ ပွားလာပါတယ်။ Window System တွေရဲ့ လုံခြုံတဲ့နေရာမှာ သူ့ကိုယ်သူ ခြေကုပ်ယူပါတယ်။ အချင်းချင်း အပြန်အလှန်စောင့်ရှောက်ရအောင် Virus File တွေကို ဖန်တီးပါတယ်။ ဥပမာ a ဆိုတဲ့ Virus File ရှိမရှိကို b ဆိုတဲ့ Virus File ကစောင့်ကြည့်နေတယ်။ တစ်ခုအဖျက်ခံရရင် နောက်တစ်ခု က ပြန်လည် Create လုပ်ပေးတယ်။ kavo.exe နဲ့ kg2v.com တို့လည်း ဒီလိုပါပဲ။ kavo.exe ကို ဖျက်လိုက်လည်း ပြန်ပေါ်လာတယ်။ kavo.exe ရှိနေမနေကို kg2v.com က အမြဲတမ်းစောင့်ကြည့် စစ်ဆေးနေလို့ဖြစ်တယ်။
၂။ Activate (သက်ရောက်မှုရှိခြင်း)
Virus က ကွန်ပျူတာထဲရောက်လာတဲ့အချိန်မှာ ချက်ချင်းအလုပ်လုပ်ချင်မှ လုပ်နိုင်မယ်။ Virus ကိုရေးထားတဲ့ Hacker ခိုင်းတဲ့အခြေအနေ၊ အချိန်အခါရမှ Active ဖြစ်ပြီး အလုပ်စလုပ်တာဖြစ်တယ်။ Magway FC Virus တို့ Thayat Myo Virus တို့ဆိုရင် သတ်မှတ်ထားတဲ့ရက်တွေမှာ တစ်ပြိုင်နက်တည်း စအလုပ်လုပ်ကြတယ်။ တစ်ရက်တည်းနဲ့ mgy ကိုက်တဲ့စက် အလုံး ၂ဝ လောက် ကျွန်တော်တို့ဆိုင်မှာ လာဖူးတယ်။ အလုပ်လုပ်ဖို့ ဖျက်ဆီး နှောင့်ယှက်ဖို့ အချိန်မကျခင်မှာ Hard Drive ရဲ့ Partition တိုင်းမှာ တပ်ဖြန့်လိုက်တယ်။ အချိန်ကျပြီဆိုမှ Active ဖြစ်ပြီး အလုပ်လုပ်တော့တယ်။ ဘာတွေလုပ်သလဲဆိုတော့ Virus Programmer ခိုင်းတဲ့အတိုင်း လုပ်တာပါ။ ဘယ်လိုလုပ်သလဲဆိုတော့ Virus Code ထဲမှာ ပါတဲ့အတိုင်း Hard Disk ရဲ့ Boot Sector တွေဖျက်ပစ်မယ်။ File တွေဖျက်ပစ်မယ်။ Copy ကူးလို့မရအောင် လုပ်တယ်။ Folder Options, Task Manager, Registry Editor စတာတွေကို ဖျောက်ပစ်တယ်။
Virus တွေဟာ ယေဘုယျအားဖြင့် အမျိုးအစား ၄ မျိုးရှိပါတယ်။ အဲဒါတွေကတော့-
1. Boot Sector
2. Executable
3. Macro နှင့်
4. Trojan တို့ဖြစ်ကြပါတယ်။
Boot Sector
Boot Sector Viruses တွေဟာ Hard Drive ရဲ့ MBR ဆိုတဲ့ Master Boot Record ထဲက Code ကို ပြောင်းလဲပစ်လိုက်တာပါ။ MBR ပျက်သွားရင် Hard Drive Boot မလုပ်နိုင်တော့ပါဘူး။ ဒါ့အပြင် ဒီ Boot Sector Virus ကဒီလောက်နဲ့တင်မကျေနပ်ဘူး။ ကွန်ပျူတာတွေဖွင့်လိုက်တဲ့အခါ Boot လုပ်နေတဲ့အချိန် သူက ကွန်ပျူတာရဲ့မှတ်ဉာဏ် Memory ကိုသွားပြီး စောင့်ကြည့် နေပြန်တယ်။ ကွန်ပျူတာက Hard Drive ကနေ Boot မလုပ်နိုင်တော့ တခြားဘယ်ကနေ Boot လုပ်အုံးမလဲပေါ့။ Floppy Disk ကနေလား။ Network ကနေလား။ တခြား Removable Media တွေကနေလားပေါ့။ အဲဒီလို Boot လုပ်လိုက်တာနဲ့သူကအဲဒီ နေရာတွေကိုပါ ကူးသွားအုံးမှာ ဖြစ်ပါတယ်။ ဒါကတော့ အဲဒီ Virus ကိုရေးထားတဲ့ Hacker ရဲ့ညွှန်ကြားတဲ့ Virus Code အတိုင်းပါပဲ။ ဒီ Boot Sector Virus ကိုသတ်ဖို့နည်းလမ်းတွေထဲက ရေပန်းအစားဆုံး နည်းလမ်း တစ်ခုကတော့ Master Boot Record ကို ပြန်ရေးပေးနိုင်တဲ့ Hard Disk တွေကို Partition ပိုင်းပေးတဲ့ Microsoft Disk Operating System External Command တစ်ခုဖြစ်တဲ့ FDISK.EXE ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ တိတိကျကျပြောရရင်တော့ FDISK/MBR လို့ ရိုက်ရမှာ ဖြစ်ပါတယ်။ သူက Master Boot Record ကို ပြန်ရေးပေးပါတယ်။
Executable
Executable ဆိုတာ မြန်မာလိုပြောရရင် အလုပ်လုပ်သော File တွေကို ပြောတာဖြစ်ပါ တယ်။ အတိုကောက်ကတော့ exe လို့ခေါ်ပါတယ်။ ကျွန်တော်တို့ကွန်ပျူတာမှာရှိတဲ့ File တွေထဲက .exe အဆုံးရှိတဲ့ Extension File တွေကို ပြောတာဖြစ်ပါတယ်။ ဒီဖိုင်တွေကိုဝင်တဲ့ Virus ဖြစ်ပါတယ်။ ဒီတော့ Virus ဝင်နေတဲ့ exe ဖိုင်တွေကို Run လိုက်ရင် Virus ဟာ Memory ထဲကို ရောက်ရှိသွားပါတယ်။ အဲဒီလိုရောက်သွားတဲ့အခါ ၎င်း Virus ဟာ ကွန်ပျူတာမှာ မကြာခဏ Run လေ့ရှိတဲ့ အခြားသော exe ဖိုင်တွေကို Copy ကူးပြီးဝင်ပါတော့တယ်။ အဲ့ဒီလိုနဲ့ ကွန်ပျူတာထဲက အလုပ်လုပ်တဲ့ exe ဖိုင်တွေကို Virus တွေ ရောက်ရှိကုန်ပါတယ်။ ဒီလိုနဲ့ပဲ Install လုပ်ထားတဲ့ Program တွေ ပျက်ကုန်ပါတယ်။ Virus ကူးစက်ခံရတဲ့ exe နဲ့ မူရင်း exe နဲ့ နှိုင်းယှဉ်ကြည့်ရင် Virus infected exe က File Size အမြဲတမ်းပိုပါတယ်။ Window XP မှာ အဲဒီလိုမျိုး exe ကို run ခွင့်ပေးပေမယ့် Window 7 မှာတော့ Close Program ဖြစ်ပြီး run ခွင့်မပေးတော့ပါ။
Macro
Macro တွေဟာ တကယ်တော့ Program အစစ်တွေမဟုတ်ကြဘူး။ သူတို့ဟာ Macro Application တွေနဲ့ရေးထားတဲ့ Macro တွေပဲဖြစ်ပါတယ်။ Macro Virus တွေဟာ အခြားသော Virus တွေလိုပဲ အလုပ်လုပ်ပါတယ်။ Virus ဝင်နေတဲ့ Application တစ်ခုကို Run လိုက်တာနဲ့ Virus ဟာ ထပြီးအလုပ်လုပ်ပါတော့တာပဲ။ အခြားသော Virus တွေလိုပဲ သူလည်း ပွားပါတော့တယ်။ Network ကနေတစ်ဆင့် ပြန့်ပွားနိုင်ဖို့ တခြား သူ့လို အမျိုးအစားတူ Application တွေကိုတောင် ရှာလိုက်ပါသေးတယ်။
Trojan
Trojan Virus တွေဟာ ကိုယ့်ဘာသာကိုယ် အလုပ်ထလုပ်တာထက် အသုံးပြုသူက ကိုယ်တိုင်ကိုယ်ကျ ခိုင်းမိတဲ့ပုံစံမျိုးနဲ့ ဒုက္ခပေးတတ်ပါတယ်။ ဆိုလိုတာက ၎င်းဟာ ဒုက္ခပေးမဲ့ Program တစ်ခု။ အမြင်မှာတော့ Game ဒါမှမဟုတ် အသုံးဝင်တဲ့ Application တစ်ခုဖြစ်ချင်ဖြစ်နေမယ်။ အမှန်တကယ်တော့ အဲဒါဟာ CMOS Setting တွေကို ဖျက်ပစ်မယ့် Program တစ်ခု ဖြစ်နေတတ်တယ်။ တစ်ချို့ Trojans Virus တွေဟာ ရှုပ်ထွေးပွေလီ အပလီအနန္တ မာယာ infinity တွေနဲ့ အတော်လေးကို ကောက်ကျစ်ယုတ်မာကြပါတယ်။ Game အနေနဲ့ ဆော့ခိုင်းထားပြီး ဂိမ်းက ထွက်တော့မှ ပျက်စီးမှုတွေ စတော့တာပါပဲ။
Worm
Worm ကတော့ Special Virus ဖြစ်ပါတယ်။ သူက အပေါ်ကဖော်ပြခဲ့တဲ့ Virus နဲ့ အနေအထား မတူပါ။ Worm က ကွန်ပျူတာ ထဲမှာရှိတဲ့ တစ်ခြားဖိုင်တွေကို မထိခိုက်စေဘဲ တစ်နည်းအားဖြင့် အကူအညီ မယူဘဲ network protocol တွေရဲ့ လုံခြုံရေးအားနည်းမှုကို အခွင့်ကောင်း ယူပြီး သကာလ သူ့ဘာသာသူ Virus တွေပွားထုပ်ပစ်လိုက်တာဖြစ်ပါတယ်။
Spam
Spam ဆိုသည်မှာ အင်တာနက် သုံးစွဲသူများ၏ ကွန်ပျူတာအတွင်းသို့ ချောစာ e-mail များအဖြစ်ဝင်ရောက်လာသော ဖိုင်များ ဖြစ်သည်။ ၎င်းတို့မှာ လုပ်ငန်းကြော်ငြာများ၊ ညစ်ညမ်းဓာတ်ပုံ ကြော်ငြာလုပ်ငန်းများ၊ ကံစမ်းမဲနှိုက်ရန် ဆွယ်ခြင်းများ၊ သင့်ကို ဆုတံဆိပ် ချီးမြှင့်လိုပါတယ်ဟု မြှောက်ပင့်ဆွယ်ခြင်း စသည် ဝက်ဘ်ဆိုက်များမှ ဝင်လာတတ်သည့် ဖိုင် သို့မဟုတ် အီးလ်မေးများ ဖြစ်ပါတယ်။ ၎င်းတို့သည် ကွန်ပျူတာသုံးသူများက ဖိတ်ခေါ်ခြင်းမျိုး မဟုတ်ဘဲ ဝင်လာကြသည့် မလိုအပ်သည့်ဖိုင် သို့မဟုတ် စာများလည်းဖြစ်သည်။ ပေးပို့သူများက Address Book များထဲမှရရှိသော အီးမေးလ်လိပ်စာများ၊ email directory များမှ ရရှိသော လိပ်စာများ၊ ပစ္စည်းရောင်းချသူ ဈေးသည်များထံမှရရှိသော လိပ်စာများကို အသုံးပြု၍ အင်တာနက်အသုံးပြုသူများထံ နည်းမျိုးစုံသုံးကာ ပေးပို့ခြင်းဖြစ်ပါတယ်။ ၎င်းတို့ကို ထိန်းချုပ် ရန် ခက်ခဲနေပါတယ်လို့လည်း ဆိုပါတယ်။
Malware
Malware သူတစ်ပါးကို ဒုက္ခပေးသောဆော့ဖ်ဝဲ၊ malicious နဲ့ software ဆိုတဲ့ စကားလုံးနှစ်ခုပေါင်းပြီး အနုပညာဝေါဟာရဆန်ဆန် malware လို့ ခေါ်ထားပါတယ်။
Spyware
Spyware ဆိုတာ advertise တွေအနေနဲ့ ကွန်ပြူတာအသုံးပြုသူရဲ့ အလေ့အကျင့်တွေနဲ့ ပတ်သက်တဲ့ Information တွေကို လေ့လာစုဆောင်းထားနိုင်တဲ့ software တွေပဲဖြစ်ပါတယ်။ Spyware တွေဟာ Virus တွေ မဟုတ်ပေမယ့် မလိုလားအပ်သော side effect တွေတော့ ဖြစ်စေပါတယ်။
Adware
နောက်တစ်မျိုးလာပြန်ပြီ။ Adware တဲ့။ Ad ဆိုတာ Advertise ကနေလာတာပါ။ ကြော်ငြာ တွေပေါ့။ Website တွေ Email တွေမှာ အများဆုံးပါလာတတ်ပါတယ်။
ဝေဖြိုးအောင် (AIT Computer)
www.aitcomputer.com
www.aitonlinetraining.com
https://www.facebook.com/AITcomputermandalay
Comments
Post a Comment