ဆုတောင်းလေ ဆုတောင်း
လာမည့် (၅) နှစ်အတွင်းမှာ မြန်မာတစ်နိုင်ငံလုံး Myanmar Unicode Font ကို တညီတညွတ်တည်း တပြိုင်နက် အသုံးပြုဖို့ အားလုံး သဘောတူညီကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ နည်းပညာကဏ္ဍဟာ ဘာသာစကား အခက်အခဲကြောင့် ဖြစ်ရတဲ့ ပြဿနာတွေ ကင်းဝေးသွားမှာ ဖြစ်ပါတယ်။
(ဆုတောင်းလေ ဆုတောင်း)
မြန်မာနိုင်ငံရဲ့ ငွေကြေးပိုက်ဆံတွေကို လွတ်လပ်ရေး ရယူပေးခဲ့ကြတဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ ပုံတွေနဲ့ ပြန်လည် အစားထိုးမည့်ရက်ဟာ သိပ်မဝေးတော့တဲ့ ကာလမှာ ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။
(ဆုတောင်းလေ ဆုတောင်း)
မကြာခင်မှာ မြန်မာနိုင်ငံရဲ့ အသည်းနှလုံး ဧရာဝတီ မြစ်ဆုံ စီမံကိန်းဆိုတဲ့ စကားလုံးဟာ ကြားရမှာတောင် မဟုတ်တော့ပါဘူး။
(ဆုတောင်းလေ ဆုတောင်း)
အမေရိကန် (၁) ဒေါ်လာဟာ မြန်မာကျပ်ငွေ (၁၀၀၀) နဲ့ ပြန်ညီတော့မှာ ဖြစ်ပါတယ်။
(ဆုတောင်းလေ ဆုတောင်း)
မြန်မာနိုင်ငံရဲ့ အင်တာနက် အသုံးပြုသူ သန်း (၃၀) ထဲကနေ (၁) သန်းလောက်ဟာ Online Training တွေကနေ စဉ်ဆက် မပြတ် ပညာသင်ယူနေကြပြီး နိုင်ငံတကာ Certificate, ဘွဲ့များ ရရှိကြပါမယ်။
(ဆုတောင်းလေ ဆုတောင်း) အခုတောင် လူ (၁၀၀၀) မပြည့်သေး။
မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍတွေမှာ အချိန်ပြည့် အင်တာနက် ချိတ်ဆက်ထားခြင်း၊ Digital Device အထောက်အကူပြု ပစ္စည်းတွေ သုံးပြီး စာသင်ကြားနိုင်ရေး၊ e-Learning ကို ထိထိရောက်ရောက် အသုံးပြုသင်ကြားနိုင်တဲ့ ခေတ်ကို ရောက်တော့မှာပါ။
(ဆုတောင်းလေ ဆုတောင်း)
အဝေးသင် ပညာရေးစနစ်ကို www.mit.edu Website တွေလို Online Training Website တွေကနေ ကျောင်းအပ်နှံခြင်း၊ အိမ်စာတင်ခြင်း၊ စာမေးပွဲ ဖြေဆိုခြင်း၊ အောင်စာရင်း ကြည့်ရှုခြင်း၊ ဘွဲ့လက်မှတ် Certificate များ ထုတ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။
(ဆုတောင်းလေ ဆုတောင်း)
မြန်မာဘောလုံးအသင်းဟာ ထိုင်းလက်ရွေးစင် အသင်းကို အိမ်ကွင်းရော အဝေးကွင်းရော နှစ်ကျော့လုံးနိုင်တဲ့ နေ့ကို မကြာခင် မြင်တွေ့ရတော့မှာပါ။
(ဆုတောင်းလေ ဆုတောင်း)
ဂျပန်နိုင်ငံလိုပဲ မြန်မာနိုင်ငံထဲကို ဝင်လာသမျှ နည်းပညာတွေကို ဘာသာပြန်စာပေ အသင်းဖွဲ့ပြီး ပြန်ဆိုတော့မှာ ဖြစ်တဲ့အတွက် မြန်မာလူမျိုးတိုင်း အဆင့်မြင့် နည်းပညာတွေကို မိခင်ဘာသာစကားနဲ့ အလွယ်တကူ သင်ယူနိုင်တော့မှာ ဖြစ်ပါတယ်။
(ဆုတောင်းလေ ဆုတောင်း)
မြန်မာနိုင်ငံသားတိုင်း အိုးအိမ် ပိုင်ဆိုင်နိုင်ဖို့ အလွန်ကောင်းမွန်တဲ့ ဘဏ်စနစ်တွေကနေ နှစ်ရှည် ချေးငွေတွေနဲ့ ကူညီပေးကြလိမ့်မယ်။
(ဆုတောင်းလေ ဆုတောင်း)
ဝေဖြိုးအောင် (AIT Computer)
Comments
Post a Comment