နည်းပညာစာအုပ်တွေ ရေးသားရခြင်း အကြောင်းတရား
ကျွန်တော် ကွန်ပျူတာလောကထဲ ရောက်ခါစ 2005 ခုနှစ်က မြန်မာနည်းပညာစာအုပ်တွေ အလွန်နည်းပါးပါတယ်။ ဘာသာရပ် အစုံလည်း မရှိပါဘူး။ တစ်ရက်မှာ မန္တလေးမှာ ရှိတဲ့ နဂါးစာပေကို သွားပြီး သိချင်တဲ့ အကြောင်းအရာတစ်ခုအတွက် စာအုပ်သွားရှာပါတယ်။ မရှိပါဘူး။ အဲဒီတုန်းက ဗွီဒီယို ရိုက်ကူး တည်းဖြတ်လုပ်နေတဲ့အချိန်ဆိုတော့ Editing နဲ့ ပတ်သက်တဲ့ စာအုပ်ပါ။ ဒါနဲ့ ငါ့ဖာသာ ငါ လေ့လာပြီး စာအုပ်ရေးမယ်ဆိုပြီး Idea ရလာပါတယ်။ လိုအပ်တဲ့ Data တွေကို အင်တာနက်ဆိုင် သွားပြီး Download ဆွဲ၊ Memory Stick နဲ့ ကော်ပီးကူးလာ၊ အိမ်က ကွန်ပျူတာမှာ အဲလေ ယောင်လို့ အဲဒီတုန်းက ကိုယ်ပိုင်ကွန်ပျူတာ မဝယ်နိုင်သေးဘူး။ ဆရာ ကိုတေဇာမြင့်ရဲ့ IPG Computer သင်တန်းမှာ လက်ထောက် သင်တန်း ဆရာလုပ်ရင်းနဲ့ သင်တန်းအားတဲ့အချိန်မှာ စာအုပ်ရေးပါတယ်။ Dialogbox တွေ ကို ကီးဘုတ်ပေါ်က Print Screen Key နဲ့သုံးပြီး စာအုပ်ရေးတာကို ဆရာကိုတေဇာမြင့်က သင်ပေးထားပြီး နောက်ပိုင်းမှာ ကျွန်တော် စာအုပ်တွေ ဆက်တိုက်ရေးချင်လာတယ်။ IPG သင်တန်းမှာ Word အတွက်သာ စာအုပ်ရှိပြီး Excel က စာအုပ် မရှိသေးဘူး ဖြစ်နေတယ်။ ဒါနဲ့ ဆရာကလည်း မင်း Excel ရေးကြည့်လိုက်ဆိုပြီး ခိုင်းလို့ Excel အရင် ရေးဖြစ်တယ်။ ဆရာရေးထားတဲ့ Word က English လို့ ဖြစ်လို့ ကျွန်တော်လည်း Excel ကို English လိုပဲ ရေးလိုက်တယ်။ ရည်ရွယ်ချက်က ပြန်ရောင်းဖို့ မဟုတ်ဘဲ သင်တန်းသုံးဖို့ အတွက်ပဲ ဖြစ်တယ်။ စာအုပ်ဆိုင်မှာ တင်ရောင်းတော့မယ့်အချိန်မှာ တော့ မြန်မာလို ပြန်ရေးခဲ့တယ်။ သင်တန်းမှာပဲ သုံးဖို့ ရည်ရွယ်ချက်နဲ့ အခြေခံစာအုပ်တွေ၊ ဓာတ်ပုံ၊ ဗွီဒီယိုတည်းဖြတ်၊ System A+ စာအုပ်တွေ ရေးထားပြီးခဲ့ပြီး။ ဆိုင်တွေပေါ်တော့ မရောက်သေးပါဘူး။ ပထမဆုံးစာအုပ်ဆိုင်တွေပေါ် ရောက်လာတဲ့ စာအုပ်ကတော့ “ဗိုင်းရပ်(စ်)ဆိုတာ ချိုနဲ့လား” စာအုပ်ပါ။ ဖတ်ခဲ့ဖူးသူများ Comment ပေးပါဦး။ ဝေဖြိုးအောင် (AIT Computer) ကို စတင်ဖြစ်ပေါ်စေတဲ့ ပထမဆုံး ထုတ်ဝေခဲ့တဲ့ စာအုပ်လေးပါပဲ။ 2008 နှစ်အကုန်လောက်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ အကြိမ်ကြိမ် ပုံနှိပ်ခဲ့ရပြီး စာရေးသူရဲ့ ရောင်းအားအကောင်းဆုံး စာအုပ် တစ်အုပ်ပါပဲ။ အဲဒီအချိန်က အင်းဝ ကွန်ပျူတာဆိုင်မှာ Systemer လုပ်ရင်းနဲ့ ဗိုင်းရပ်ကွန်ပျူတာတွေကို တစ်ရက် အလုံး (၂၀) ခန့် ပြင်ပေးခဲ့ရတဲ့ မှတ်တမ်းတွေကို စာအုပ်ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။
AIT Computer ရဲ့ အစက ဗိုင်းရပ်က လို့ ပြောရမယ်နဲ့တူပါတယ်။
ဝေဖြိုးအောင် (AIT Computer)
Comments
Post a Comment