ဗွီဒီယိုကင်မရာတစ်လုံးမှာ ပါဝင်တဲ့ အဓိက အစိတ်အပိုင်းများ
ဗွီဒီယို ကင်မရာတိုင်းမှာ အဓိကအစိတ်အပိုင်း (၃)ခု ပါဝင်ပါတယ်။အဲဒါတွေက Lens, Imager နဲ့ Recorder တို့ ဖြစ်ပါတယ်။
Lens
Lens ကနေ Imager ပေါ်မှာသက်ရောက်ပေးမယ့် အလင်းတွေကို စုစည်းပေးပါတယ်။Imager ဆိုတာက ပုံမှန်အားဖြင့် CCD (Charge Coupled Device ) ဒါမှမဟုတ် CMOS sensor (Complementary Mental Oxide Semiconductor ) ဖြစ်နေတတ်ပါတယ်။ နောက်ဆုံးမှာတော့ Recorder ကနေ သိုလှောင် သိမ်းဆည်းလို့ ရအောင် Video Singnal တွေကို Form တစ်ခုပုံစံ ရအောင် Encode လုပ်ပါတယ်။ ပုံမှန်အားဖြင့် Optic lens နဲ့ Imager တွေကို Camera Section အနေနဲ့ အသိများပါတယ်။ Optic Lens တွေဟာ Camera Section ရဲ့အလင်းလာရာလမ်းကြောင်းမှာ ဆိုရင် ပထမ ဆုံးတွေ့ရမည့် အစိတ်အပိုင်းတွေဖြစ်ပါတယ်။ သာမာန်အားဖြင့် Optics Lens မှာ အောက်ပါ Adjustment တွေထဲက တစ်ခု ဒါမှမဟုတ် တစ်ခုထက် ပိုလေ့ရှိပါတယ်။
1.Aperture -ကင်မရာအတွင်း ဝင်လာမည့် အလင်းပမာဏကို ထိန်းချုပ်ပါတယ်။ ဆိုလိုတာက မှန်ဘီလူးမှာပါတဲ့ Iris Diaphragm ကနေ အကျဉ်းအကျယ် လုပ်ပြီး ထိန်းချုပ် ပေးပါတယ်။
2.Zoom-မြင်ကွင်းရဲ့ အကျယ်အဝန်းကို ထိန်းချုပ်ပေးပါတယ်။
3.Shutter speed -အဆက်မပြတ် လှုပ်ရှားမှုများကို Capture ဖမ်းယူပါတယ်။ အပျော်တမ်း ဗွီဒီယိုကင်မရာတွေမှာတော့ Imager ပေါ်ကို exposure အသေထားပြီး အထက်ပါ Adjustment တွေကို အီလက်ထရောနစ် နည်းပညာတွေနဲ့ auto ထိန်းချုပ်ပေးပါတယ်။
Imager
Imager ဆိုတာက Camera ရဲ့ မျက်လုံးဖြစ်ပြီး ပုံရိပ်ကို အာရုံခံနိုင်တဲ့ ပစ္စည်းတွေ ထားသိုရာ နေရာလည်းဖြစ်ပါတယ်။Imager ကနေ အလင်းတွေကို ကြီးမားကျယ်ပြန့်တဲ့ လျှပ်စစ်ဖြစ်စဉ်ကနေတဆင့် electronic video signal အဖြစ်ပြောင်းပါတယ်။ ကင်မရာမှန်ဘီလူးကနေ ပုံရိပ်ဖမ်း မျက်နှာပြင်ပေါ်ကို ပုံရိပ်ထင်စေပါတယ်။
Recorder
တတိယအစိတ်အပိုင်းဖြစ်တဲ့ Recorder ကတော့ Tape, Hard Disk, Memory Card ကဲ့သို့သော Recording Medium တွေပေါ်မှာ Video Signal တွေ မှတ်သားဖို့ တာဝန်ယူရပါတယ်။
Sony HXR-MC2000E/MC1500P/MC1000P
ဒီကင်မရာအမျိုးအစားတွေကို Budget Cameramen တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားပါတယ်လို့ ဆိုပါတယ်။ အမှန်တကယ်ကလည်း ဈေးနှုန်းက အံသြလောက်တဲ့ ဈေးနှုန်းဖြစ်ပါတယ်။ 1000 Model ဆိုရင် ၉ သိန်းကျော်ပဲရှိပြီး AVCHD Format ပါဝင်တဲ့ 1500 Model မှ ၁၂ သိန်းကျော်ပဲ ပေးရပါတယ်။ အလှူ၊ မင်္ဂလာဆောင်မှတ်တမ်းဗွီဒီယိုတွေကို ရိုးရိုးလက်ကိုင် Handycam ကင်မရာအသေးလေးတွေနဲ့ ရိုက်နေမည့်အစား အခုလို ပခုံးထမ်း Shoulder-mount camcorder တွေနဲ့ပဲ ရိုက်သင့်ပါတယ်။ Camera တည်ဆောက်ပုံကလည်း လွယ်ကူရိုးရှင်းသလို လက်ကိုင်ကင်မရာတွေထက်လည်း အဟန့်ပိုရှိနေပါတယ်။
Camera Section
Imager နဲ့ Lens ကို Camera Section လို့ ခေါ်တယ်ဆိုတာ အထက်မှာ ရှင်းပြခဲ့ပြီး ဖြစ်သည်။ အခု ကင်မရာအမျိုးအစားတွေမှာ အသုံးပြုထားတဲ့ Imager က ClearVid pixel array ပါဝင်တဲ့ ¼-inch type Exmor RTM CMOS Sensor အသုံးပြုထားပါတယ်။ Lens အနေနဲ့ကား Sony G Lens အမျိုးအစား အသုံးပြုထားပြီး Optical Zoom – 12x ရပြီး Digital Zoom – 160x ရပါတယ်။
Monitoring
စောင့်ကြည့်နေရတာကို Monitor လို့ခေါ်ပါတယ်။ အခုကင်မရာတွေမှာ Monitor နှစ်မျိုးနဲ့ စောင့်ကြည့်လို့ ရပါတယ်။ Viewfinder နဲ့ ကြည့်လို့ရသလို Built-in LCD Monitor နဲ့လည်း ကြည့်လို့ ရပါတယ်။ Built-in လို့ ခွဲခြားပြောတာက သူ့ကို External Monitor တွေနဲ့လည်း ကြည့်ချင်သပဆို ကြည့်လို့ ရတယ်လို့ ဆိုလိုချင်တာပ။ Viewfinder ကတော့ 0.2 inch ရှိပြီး 4:3 Aspect Ratio ဖြစ်ပါတယ်။ ပါဝင်တဲ့ Pixel ပမာဏက Red-300, Green-224,Blue-3 ရှိပြီး စုစုပေါင်း 201600 dots ရှိပါတယ်။ Built-in LCD Monitor က 2.7 inch ဖြစ်ပြီး Pixel ပမာဏက Horizontal 960 x Vertical 240 = Total 230400 dots ပါဝင်ပါတယ်။ Aspect Ratio က 16:9 ဖြစ်ပါတယ်။
Video
အခုကင်မရာတွေက ဈေးပေါသော်ငြားလည်း နောင်တစ်ချိန်မှာ မဖြစ်မနေထွန်းကားလာမည့် HD Format ရိုက်ကူးနိုင်တာက ဝမ်းသာစရာပါပဲ။ HD ရိုက်မယ်ဆိုရင် MPEG-4 AVC/H.264 (AVCHD) Format နဲ့ရိုက်ကူးပြီး ပုံမှန်သုံးနေကျ SD ပဲရိုက်မယ်ဆိုရင် MPEG-2 PS Format နဲ့ ရိုက်ပါမည်။ ဒီနေရာမှာ အထူးသတိပေးလိုတာက 1000 Model တွေမှာ AVCHD Format မပါဝင်ပါဘူး။ 1500 နဲ့ 2000 Model တွေကျမှ AVCHD ပါဝင်ပါတယ်။ နည်းပညာအရ ဒီ Format လေးဟာ သုံးသိန်းခွဲတန်နေပါတယ်။ မကြာမှီဖြစ်ပေါ်လာမည့် HD ခေတ်ထိ လူရာဝင်ချင်သေးတယ်ဆိုရင်တော့ HD Format ပါဝင်တာကို ရွေးချယ်ထားရမှာပါ။ HDTV တွေ အိမ်တိုင်းမှာ ရောက်ရှိလာနေကြသလိုပဲ Blu-ray Disc, Blu-ray Writer, Blu-ray Player တွေရဲ့ဈေးနှုန်းကလည်း မကြာမှီ ဝယ်နိုင်တဲ့ အချိန်ကာလကို ရောက်ရှိလာတော့မှာပါ။ ပြီးခဲ့တဲ့ အပတ်မှာ ပြောခဲ့သလိုပဲ Broadcasting လိုင်းတွေတောင် HD Channel တွေ လွှင့်နေကြပြီဆိုတော့ Home Entertainment တွေကလည်း HD Video တွေကို တောင်းဆိုတော့မှာပါ။ ဝမ်းနည်းစရာကောင်းတာက ရပ်ကွက်ထဲက မင်္ဂလာဆောင်ရိုက်တဲ့ ဗွီဒီယိုကင်မရာဆရာတောင် သူ့ခွေကို DVD နဲ့ ပြနေတဲ့အချိန်မှာတောင် တစ်နိုင်ငံလုံးကို ဖြန့်ချီပြသနေတဲ့ မြန်မာဗွီဒီယိုဇာတ်ကားတွေက VCD နဲ့ပဲပြသဖြန့်ချီနေတာက DVD နည်းပညာနဲ့ မဖြန့်ချီနိုင်အောင် နည်းပညာနိမ့်ပါးနေတာလား? VCD နှစ်ချပ်နဲ့ဖြန့်တာက ပိုက်ဆံပိုရပြီး DVD တစ်ချပ်တည်းက ပိုက်ဆံအရနည်းလို့လား? အချိန်နဲ့ တပြေညီတိုးတက်ပြောင်းလဲနေတဲ့ နိုင်ငံတကာနည်းပညာ တွေကို လျစ်လျူရှုပြီး ဒီအရပ်နဲ့ ဒီဇာတ် ကိုက်ညီနေလို့ပဲလား? ပြည်သူတွေကပဲ မြန်မာဇာတ်ကားတွေကို နှစ်ခါပြန်ကြည့်စရာ မလိုမှန်းသိလို့ DVD နဲ့ မထုတ်ဘဲ VCD နဲ့ထုတ်တာလား? ဆိုတာတွေကတော့ အနုပညာ ဖန်တီးသူတွေပဲ သိနိုင်ပါလိမ့်မည်။
Recording Frame Rate
ယခင်အပတ်မှာတုန်းက PAL/NTSC အကြောင်းပြောခဲ့ပါတယ်။ ဒီကင်မရာတွေနဲ့ ရိုက်ကူးနိုင်တဲ့ Frame Rate အကြောင်းပြောပါမည်။ SD Format မှာ ဆိုရင် 720 x 576/50i/16:9,4:3 နဲ့ရိုက်ကူးပြီး Recording Frame Rate က တစ်စက္ကန့်မှာ 9MB ရှိပါတယ်။ SD မှာသာ 16:9 နဲ့ 4:3 ရွေးခွင့်ရှိပြီး HD မှာတော့ 16:9 သာ ဖြစ်နေပါမည်။ High Quality Recording ဖြစ်တဲ့ FX Mode နဲ့ FH Mode တို့မှာသာ 1920 x 1080 ရနိုင်ပြီး Long Time Recording ဖြစ်တဲ့ LP Mode နဲ့ HQ Mode တို့မှာတော့ 1440 x 1080 မျှသာ ရရှိပါတယ်။ Frame Rate တွေကတော့ FX – 24 Mbps, FH – 17 Mbps, HQ – 9 Mbps, LP – 5 Mbps အသီးသီးဖြစ်ကြပါတယ်။
Sound
အသံဖမ်းယူမှုအနေနဲ့ သူ့မှာ ပါဝင်တဲ့ Microphone က 2 Channel Stereo Microphone ဖြစ်ပါတယ်။ ဖမ်းယူတဲ့ Audio Format တွေက HD မှာပဲဖြစ်ဖြစ် SD မှာပဲဖြစ်ဖြစ် Dolby Digital 2ch, 16bit, 48kHZ နဲ့ပဲ ဖမ်းယူပါတယ်။
Image Stabilizer
ရိုက်ကူးနေစဉ် Hand Shake ကြောင့်ဖြစ်ပေါ်လာတဲ့ တုန်ခါမှုတွေကို ဖယ်ရှားဖို့ ထည့်သွင်းပေးလိုက်တဲ့ Feature ကတော့ Image Stabilizer ပဲ ဖြစ်ပါတယ်။ အသုံးပြုချင်တယ်ဆိုရင် ON ထားရမှာ ဖြစ်ပြီး အသုံးမပြုဘူးဆိုရင်တော့ Off ထားရမှာပါ။
Focus
Auto ထားပြီး ရိုက်လို့ရသလို Manual ထားပြီးမှ ရိုက်ချင်တယ်ဆိုရင်လည်း Switch ခလုတ် ပါဝင်ပါတယ်။
Capture
Build-in Memory, External Memory Card နဲ့ ရိုက်တာဖြစ်တဲ့အတွက် ကင်မရာထဲက ရုပ်တွေ ကွန်ပျူတာပေါ်ရောက်ဖို့ကတော့ သီးသန့် Capture ဖမ်းယူစရာမလိုတော့ပါဘူး။ ကင်မရာမှာ ပါဝင်တဲ့ USB ပေါက်ကနေ သူ့မှာ ပါဝင်တဲ့ USB Cable ကြိုးနဲ့ပဲ ကွန်ပျူတာ USB ပေါက်ကတဆင့် ချိတ်ဆက်ပြီး Copy/Paste လုပ်ရုံပါပဲ။ 1000 Model နဲ့ 1500 Model တွေမှာ Build-in Internal Memory – 32 GB ပါဝင်ပြီး 2000 Model မှာ 64 GB ပါဝင်ပါတယ်။
ဝေဖြိုးအောင် (AIT Computer)
www.aitcomputer.com
www.aitonlinetraining.com
Comments
Post a Comment