Video Editing Software များအကြောင်း

 


ဗွီဒီယိုရုပ်သံတည်းဖြတ်ပညာဟာ ကွန်ပျူတာပညာရပ် Level တွေမှာ တတိယအဆင့်ရှိပါသည်။ ပထမအဆင့်က စာစီစာရိုက်လုပ်ငန်း (DTP)၊ ဒုတိယအဆင့်က ဂရပ်ဖစ်ဒီဇိုင်း (Graphic Design) ဖြစ်ပါတယ်။ DTP လုပ်ငန်းမှာ အသုံးပြုတဲ့ Software တွေက PageMaker(InDesign), Microsoft Word တို့ဖြစ်ပြီး Grahic Design မှာ Photoshop, Corel Draw, Illustrator တို့ဖြစ်ပါတယ်။ စာစီစာရိုက်အမျို:အစား Software တွေနဲ့ Graphic Design Software တွေမှာ ရွေးချယ်မှု များများစားစား မရှိတာကို တွေ့ရမှာပါ။ Video Editing Software တွေမှာတော့ အိမ်သုံး အပျော်တမ်း Software, စီးပွားဖြစ် Professional Software ဆိုပြီး ကုမ္ပဏီပေါင်းများစွာက ထုတ်လုပ်ဖြန့်ချိထားတဲ့ Application အများအပြားရှိပါတယ်။

Arcsoft ShowBiZ DVD
စာရေးသူအနေနဲ့ ဗွီဒီယိုတည်းဖြတ် Software တွေကို စတင်လေ့လာမိတော့ ShowBiZ ကို ပထမဆုံးတွေ့မိပါတယ်။ ရိုးရှင်းလွယ်ကူလှတဲ့ သူ့ရဲ့ User Interface တွေက စာရေးသူကို Editing အကြောင်းအမြန်ဆုံး သဘောပေါက်စေပါတယ်။ တည်းဖြတ်ချင်တဲ့ Video File, ဓာတ်ပုံဖိုင်, သီချင်းဖိုင် တွေကို အရင်ဆုံး ထည့်သွင်းရတယ်။ အဲဒါကို Import လို့ခေါ်တယ်။ အဲဒီလို Import လုပ်ပြီးရင် သူတို့ကို အစီအစဉ်တကျထားရှိဖို့ အောက်နားက ဘားတန်းပေါ်ကို ဆွဲချရတယ်။ အဲဒါကို Timeline လို့ခေါ်တယ်။ နောက်ခံသီချင်းထည့်ချင်ရင် ခုနက အသုံးပြုဖို့ ထည့်သွင်း Import လုပ်ထားတဲ့ သီချင်းတွေကိုလည်း Timeline မှာ သူ့အတွက်သက်မှတ်ထားတဲ့ Music နေရာမှာ ဆွဲချရုံပဲ။စာတန်းထိုးချင်ရင် Title ကိုသွားရပါမည်။ ဇာတ်ဝင်ခန်း တစ်ခန်းတစ်ခန်း ကြားမှာ Transition ထည့်ဖို့ Transition အခန်းမှ ယူရပါမည်။ ဗွီဒီယိုတည်းဖြတ်မှာ Effect ကိုလည်း စိတ်ကြိုက် ပြင်ဆင်အသုံးပြုနိုင်ပါတယ်။ Timeline ကို စိတ်ကြိုက် အစီအစဉ်တကျဖြစ်အောင် လုပ်ပြီးရင် ခွေထုတ်နိုင်ပါပြီ။ အဲဒါကို Export လုပ်တယ်လို့ခေါ်တယ်။ အဲဒီအခါကျရင်တော့ Video Editing Theory အရ Video Format တွေအကြောင်း နားလည်ဖို့လိုအပ်လာပါပြီ။ အခုတင်ပြလိုက်သလိုပဲ အလွယ်ကူဆုံးနည်းလမ်းနဲ့ Editing ရဲ့ Procedure (လုပ်ငန်းဆောင်တာအဆင့်ဆင့်) ကို အမြန်ဆုံးနားလည်သဘောပေါက်စေပါတယ်။ အခုရေးသား ဖော်ပြထားတဲ့ ShowBiZ ဟာ Premiere, Pinnacle, Director, Final Cut Pro စတဲ့ Video Editing Software တွေကို အလွယ်တကူလေ့လာစေနိုင်ဖို့ Concept (အခြေခံသဘောတရား) တွေပေးတယ်ဆိုတာ နားလည်စေချင်ပါတယ်။MP3, MP4 သီချင်းသွင်းတဲ့ ဆိုင်တွေအနေနဲ့လည်း ဓာတ်ပုံတွေနဲ့ သီချင်းတွေကို ရောသမမွှေတဲ့ Photo VCD Album လုပ်ရာတွင် အချိန်အသက်သာဆုံး အမြန်ဆုံးနည်းလမ်းနဲ့ လွယ်လင့်တကူလုပ်ဆောင်နိုင်ပါတယ်။
Corel Ulead Video Studio
Corel Video Studio ကို ကမ္ဘာကျော်ရုပ်သံတည်းဖြတ် Software တွေထုတ်လုပ်တဲ့ Ulead ကုမ္ပဏီက ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ 2011 ခုနှစ် နိုဝင်ဘာလအထိမှာတော့ Corel Video Studio ကို Version 14 အဖြစ် ထုတ်လုပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ Video Editing လောကမှာ နောက်ထပ် ထင်ရှားကျော်ကြားတဲ့ Ulead Product တစ်ခုကတော့ Export အမျိုးအစား Ulead Movie Factory 7 ပဲ ဖြစ်ပါတယ်။ Video Editor (ဗွီဒီယိုတည်းဖြတ် သမား) တွေ DVD ခွေထုတ်ရာမှာ အသုံးပြုတဲ့ Software Application တစ်ခုဖြစ်ပါတယ်။ စကားမစပ် ကျန်တဲ့ Export Software နှစ်ခုကိုလည်း မှတ်ထားလိုက်ပါဦး။ အဲဒီနှစ်ခုကတော့ Canopus ကုမ္ပဏီထုတ် Procoder 3 နဲ့ TMPEG Encoder (မြန်မာလို တီအမ်းပတ်) တို့ ဖြစ်ပါတယ်။ Edit သမားဆိုရင် Export ခွေထုတ်တဲ့ ဒီဆော့ဝဲ ၃ ခုကို သိကို သိထားမှ ရမယ်။
Ulead Software ကလည်း Editing အမျိုးအစားတွေရဲ့ ထုံးစံအတိုင်း လုပ်ဆောင်လို တဲ့ Media File တွေကို သူ့ဆော့ဝဲထဲရောက်အောင် အရင် Import လုပ်မယ်။ အဲဒါတွေကို မိမိစီစဉ်လိုသည့်အတိုင်း Timeline ပေါ်တင်မယ်။ လိုက်ဖက်မည့် နောက်ခံတီးလုံး ထည့်မည်။ တစ်ကဒ်နဲ့ တစ်ကဒ်ကြား တစ်ခန်းနဲ့တစ်ခန်းကြား Transition (ကားကူးကားဆက်) တွေ ထည့်မည်။ Transition ခုသည်ဟုလည်း သုံးစွဲကြပါသည်။ Video Effect များထည့်၍ Video File များကို ထူးထွေးဆန်းပြားအောင်လုပ်မည်။
Title စာတန်းများထိုးမည်။ အားလုံးပြီးရင်တော့ ခွေထုတ်မည်။ ဒါပါပဲ။ ShowBiZ လည်း ShowBiZ အလျှောက် Ulead လည်း Ulead အလျှောက် ကောင်းကြပါသည်။ တစ်မျိုး ကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ရင် နောက်တစ်မျိုးလည်း ထိုနည်းလည်းကောင်း ဖြစ်တဲ့အတွက် လွယ်ကူမှာပါပဲ။ Ulead ကို ဓာတ်ပုံများနှင့် နှစ်သက်ရာ သီချင်းများဖြင့်ရော၍ Photo VCD Album ပြုလုပ်ရာတွင်လည်းကောင်း၊ Video ရုပ်သံဖိုင်များမှ MP3 ပြုလုပ်ရာတွင် လည်းကောင်း၊ Video Camera များမှ Video File များကို Capture ဖမ်းယူ၍ Edit တည်းဖြတ်ကာ အမှတ်တရ မှတ်တမ်းခွေ ပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုနိုင်ပါသည်။ ရိုးရှင်းလွယ်ကူ လှသော User Interface က အသုံးပြုသူ User တွေကို လွယ်ကူလျှင်မြန်စွာပဲ editing အကြောင်းကို အမြန်ဆုံး သဘောပေါက်စေပါသည်။
Cyberlink Power Director
Director လို့ပြောလိုက်ရင် Editing လောကသားတွေက ''စာတန်းထိုးအကောင်းဆုံးSoftware'' ပဲ လို့ သိကြပါတယ်။ အလှူ၊ မင်္ဂလာဆောင်တွေရဲ့ နိဒါန်း Intro တွေကို Director နဲ့ပဲ စာတန်းထိုး ကြပါတယ်။ Director နဲ့စာတန်းထိုးမှ Advanced ဖြစ်တယ်လို့ ဆိုကြပါတယ်။ Director အကြောင်းမိတ်ဆက်နေတာ လွန်လှချည်းလားလို့ အပြစ်တင်မစောလိုက်ပါနဲ့။ သင်လည်း သုံးကြည့်ရင် အကြိုက်တွေ့သွားမှာပါ။ အဆင်သင့်ပြုလုပ်ထားတဲ့ Effect တွေက စွဲမှတ်စရာ ကောင်းလှပါတယ်။
Video Editing ရဲ့လုပ်ငန်း Procedure မှာတော့ Director မှာ စာတန်းထိုးပြီး avi format နဲ့သိမ်းပါတယ်။ ပြီးမှ Pinnacle တို့ Premiere တို့ရဲ့ Timeline မှာ body နဲ့ ပေါင်း ပြီးမှ နောက်ဆုံး Final ခွေထုတ်ပါတယ်။ ဘာကြောင့် Director နဲ့ စာတန်းထိုးရသလဲ ဆိုတော့ အသုံးပြုရတာလွယ်ကူတယ်။ စာတန်းတစ်ခုချင်းစီကို အဝင်တစ်မျိုး အထွက်တစ်မျိုး Effect တွေကို တစ်မျက်နှာတည်းမှာပဲ ပုံစံမတူ အမျိုးမျိုးဖြစ်အောင် တစ်ပြိုင်နက်တည်း လုပ်လို့ရတာ လည်းပါတယ်။ အဲဒီလိုမျိုးကို ကျန်တဲ့ Editing Software တွေမှာ လုပ်လို့မရပါ။ လုပ်လို့ ရခဲ့ရင်လည်း Timeline တွေမှာ Track တွေ အများကြီးဆင့်ပြီး အချိန်ကုန်လူပန်းခက်ခက်ခဲခဲ လုပ်ရပါတယ်။ ရလာတဲ့ Quality ကလည်း Director လောက်မလန်းပါဘူး။ ပြောနေတာ အချိန်ကြာပါတယ် လက်တွေ့လေ့လာကြည့်လိုက်ပါ။
Pinnacle Studio
ဗွီဒီယို Editing လောကမှာ Pinnacle ဆိုရင် မကြားဖူးတဲ့သူ ရှားပါလိမ့်မည်။ ဆန်းပြား လှတဲ့ သူ့ရဲ့ Hollywood FX video effect transition တွေက စတင်မြင်တွေ့ခါစလူတွေကို ထူးထူးဆန်းဆန်း ဖြစ်စေပါတယ်။ မြင်ပါများလို့ ရိုးသွားရင်တော့ မပြောတတ်ပါ။ ကျွန်တော်တို့ စတင်လေ့လာခါစက Pinnacle 9 သည် Version 15 ထိ ထွက်ရှိနေပြီး ဖြစ်သည်။ 13 ဂဏန်းကို ကြောက်လို့လား မသိဘူး။ Pinnacle 13 လို့တော့ မထွက်ခဲ့ဘူး။ 12,14, 15 ဆိုပြီး 13 ကိုကျော်သွားသည်။ သူနဲ့ခေတ်ပြိုင် Ulead ကုမ္ပဏီကတော့ Corel Video Studio 13 ဆိုပြီး ထွက်ရှိခဲ့ပါသည်။ ရေးတာကတော့ x3 လို့ပဲရေးပါသည်။ ထားပါတော့။ ဒါက ဗဟုသုတအနေနဲ့ ပြောတာပါ။
Pinnacle ကို လူအများ သဘောတွေ့ကြခြင်းကတော့ ရိုးရှင်းလွယ်ကူလို့ပါပဲ။ သူ့ရဲ့ Bonus DVD Effect Plug-in ဆိုတာ တည်းဖြတ်သမားတိုင်း လိုချင်တဲ့ အရာပါပဲ။ Adorage FX တွေပါ ချိတ်ဆက်သုံးနိုင်တဲ့အတွက် Professional အဆင့် လုပ်နိုင်တဲ့ Video Editing Software အဖြစ် အသိအမှတ်ပြုကြရမှာပါ။
ကျောင်းသားနှစ်ယောက်ထဲက တစ်ယောက်ကို Pinnacle သင်ပေး နောက်တစ်ယောက် ကို Premiere ကို တစ်ပြိုင်နက်တည်း စသင်ပေးကြမယ်ဆိုရင် Pinnacle သမားက အရင် တတ်ပါလိမ့်မည်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အသုံးပြုနိုင်တဲ့ Transition Effect တွေဟာ Automatic တွေမို့ပါပဲ။ Premiere ကတော့ လုပ်ပိုင်ခွင့် ကျယ်သလို ဇယားလည်း Pinnalce ထက်ပိုရှုပ်တယ်လေ။
ဘာပဲဖြစ်ဖြစ် edit သမားကောင်းကောင်းဖြစ်ဖို့ကတော့ Pinnacle ရော Premiere ရော နှစ်မျိုးစလုံး သိထားဖို့ ကျွမ်းကျင်ဖို့ လိုအပ်တာပါပဲ။ ပြီးမှ ကိုယ်အားသန်ရာနဲ့ လုပ်ကြပေါ့။ စာရေးသူကတော့ Premiere ကို ပိုအားသန်ပါတယ်။
ကျွန်တော်ထင်ပါတယ်။ Pinnacle Software ကို တစ်ပတ်လောက် အချိန်ပေး လေ့လာ လိုက်စား လေ့ကျင့် လိုက်မယ်ဆိုရင် အမြန်ဆုံးတတ်မြောက်သွားမှာ အသေအချာပါပဲဗျာ။ မရေမရာ စကားလို့ မထင်လိုက်ပါနဲ့။ တမင်တကာ ပြောလိုက်ချင်တာက အရင်တစ်ခါကလို လက်တွေ့လုပ်ကြည့် လိုက်။
Adobe Premiere
Mac ပေါ်မှာ Final Cut Pro, PC ပေါ်မှာ Premiere လို့ ပြောစမှတ်တွင်ရအောင် သမိုင်းမှတ်တမ်းကောင်းလှတဲ့ Premiere ဖြစ်ပါတယ်။ အသုံးပြုသူ ဉာဏ်ကွန့်မြူးရင် ကူးသလို လိုသလို ချဲ့ထွင်နိုင်တာက အဓိက အားသာချက်ဖြစ်ပါတယ်။
Premiere CC ကို တော်တော်များများ အသုံးပြုကြပြီး Premiere Pro ကိုလည်း နောက်ပိုင်းမှာ အသုံးများလာပါတယ်။ Premere Pro CS5 ဟာ Window 7 64 bit မှာသာ Run တဲ့အတွက် 32 bit သမားအများစုကတော့ Premiere Pro CS4 မှာသာ ကျေနပ် နှစ်သိမ့် အသုံးပြုကြရပါတယ်။
Track တွေကို စိတ်ကြိုက်လိုသလို တောင်းနိုင်ခြင်း၊ Plug-in Software များ ပေါများ စွာ ရရှိခြင်းတို့က Premiere ကို ပြိုင်ဘက်မရှိ ဖြစ်သွားစေပါတယ်။ သူ့ကို ယှဉ်နိုင်တာ Pinnacle ရှိပေမယ့် အမှန်တကယ်မှာတော့ အဆပေါင်းများစွာ ကွာဟပါတယ်။ Pinnacle မှာ လုပ်လို့ရတာ တွေအားလုံးကို Premiere မှာ လုပ်လို့ရပေမယ့် Premiere မှာ လုပ်လို့ရသမျှကိုတော့ Pinnacle မှာ လုပ်လို့မရပါဘူး။ Pinnacle Hollywood FX ဟာ Premiere မှာ Plug-in အနေနဲ့ ချိတ်ဆက်လို့ရတဲ့အတွက် Premiere သမားက Pinnacle ကို မစိမ်းပါဘူး။
Video FX, Hollywood FX, Adorage FX ရှိနေရင် Transition အတွက် လုံလောက်ပြီးလို့ ပြောလို့ရပါတယ်။ Boris FX ကလည်း တော်တော်များများ စွမ်းဆောင်နိုင်တာကို တွေ့ရပါတယ်။
Export အနေနဲ့ Procoder နဲ့ ချိတ်ဆက်နိုင်တာမို့ ကြိုက်တဲ့ Format ပုံစံနဲ့ ခွေထုတ်လို့ ရပါတယ်။
Premiere ကိုတော့ သေသေချာချာ ရေရေရာရာလေး အရာထင်အောင် လုပ်စေချင်ပါ တယ်။ Home အဆင့်မဟုတ်ဘဲ Professional အဆင့် ဖြစ်တာကြောင့် လုံ့လဝါယမ ကြီးမားစွာ ထားပြီး လေ့လာလိုက်စားပါလို့ပဲ စေတနာများစွာဖြင့် တိုက်တွန်းလိုက်ပါရစေ။

ဝေဖြိုးအောင် (AIT Computer)
www.aitcomputer.com
www.aitonlinetraining.com 

Comments

Popular posts from this blog

ဘုန်းကြီးကျောင်းသားဘဝမှ CEO ဖြစ်လာသူ

ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ Smart Phone စစ်ပွဲ (သို့မဟုတ်) Android OS မွေးဖွားလာခြင်း 2

မြန်မာနိုင်ငံ အဝေးသင်တက္ကသိုလ်များနှင့် e-Learning ကဏ္ဍ (အပိုင်း-၁)