Digital HD Video Camera Recorder တစ်လုံးကို အသေးစိတ် လေ့လာခြင်း (၁)
အရင်ဆုံး ဒီစကားစုမှာ ပါဝင်တဲ့ စကားလုံးတစ်ခုချင်းစီကို အသေးစိတ် လေ့လာကြည့်ရအောင်။ Digital HD Video Camera Recorder အားလုံး စကားလုံး (၅) လုံးရှိတယ်။
Digital ဆိုတာ
Digital ဆိုတာက Analog မဟုတ်ဘူးလို့ ပြောချင်တာပ။ သူတို့ နှစ်ခုစလုံးရဲ့ ဂုဏ်သတ္တိဟာ မိုးနဲ့ မြေလို ကွာခြားပါတယ်။ Analog က သူ့ရဲ့ အချက်အလတ်တွေကို Continuous ဆက်တိုက်သိမ်းဆည်းပြီး Digital ကတော့ Content (မာတိကာ) တွေ သတ်မှတ်ပြီး နေရာတကျ သိမ်းဆည်းပါတယ်။ ယခင် ကတ်ဆက်ခွေထဲက ကိုယ်ရောက်ချင်တဲ့ နေရာကို ခလုတ်နဲ့ ရစ်ပြီး ကျော်တဲ့အခါ မလိုအပ်တဲ့ နေရာတွေကိုပါ ဖြတ်သန်းသွားရပါတယ်။ ကိုယ်လိုချင်ရာကို ချက်ချင်းမရောက်ပါဘူး။ ဒါဟာ Analog စနစ်ရဲ့ အဓိက အားနည်းချက်ပါပဲ။ Digital စနစ်နဲ့သိမ်းဆည်းထားတဲ့ Audio CD, Karaoke VCD, MP3 Disc တွေမှာ ကိုယ်ရောက်ချင်တဲ့နံပါတ်ကို နှိပ်လိုက်တာနဲ့ တန်းရောက်ပါတယ်။ ဘာနဲ့ တူသလဲဆိုတော့ စာအုပ်တစ်အုပ်ရဲ့ ရှေ့ဆုံးမှာပါဝင်တဲ့ မာတိကာထဲက ကိုယ်သိချင်တဲ့အကြောင်းအရာရှိတဲ့ စာမျက်နှာနံပါတ်အတိုင်း စာအုပ်မှာ ရှာလိုက်ရင် တန်းရောက်သွားသလိုပါပဲ။ Format မှားချမိလိုက်တဲ့ Memory Card, Hard Disk ထဲက Data တွေ ဘာလို့ ပြန်ရှာရင်တွေ့သလဲဆိုတာလည်း ဒီသဘောပါပဲ။ အဓိက Main File တွေ ပျက်သွားတယ် ဆိုပေမယ့် သူတို့ဘယ်နေရာမှာ ရှိနေခဲ့တယ်ဆိုတဲ့ နေရာသဲလွန်စကို Content List ထဲကနေ ပြန်ရှာဖွေပါတယ်။ ဒါပေမယ့် Format မှားချမိလိုက်တဲ့ ဓာတ်ပုံ၊ဗွီဒီယို Memory Card တွေကို ထပ်မံ ဖိမရိုက်ဖို့တော့ လိုပါတယ်။ အဲဒီလို ထပ်ဖိရိုက်ခဲ့ရင် သူ့နေရာမှာ ရှိခဲ့တဲ့ အရင်ဖိုင်တွေကို ပြန်ရှာလို့ မတွေ့တော့ပါဘူး။ ဒီသဘောတရားကို ဓာတ်ပုံ၊ ဗွီဒီယိုဆရာတွေ သေချာသဘောပေါက် သိထားသင့်ပါတယ်။ Recovery ပြန်ရှာဖို့လိုအပ်တဲ့ Card ကို ဆက်လက်အသုံးမပြုဘဲ ဒီအတိုင်းထားလိုက်ပါ။ ပြီးမှ ကျွမ်းကျင်တဲ့ Computer System ပညာရှင်ကို ပြန်ရှာခိုင်းပါ။ Digital ဆိုတဲ့ စကားလုံးကို ထပ်မံ အဓိပ္ပါယ် ဖွင့်ဆိုချင်ပါသေးတယ်။ Digital ဆိုတာ Digit ဆိုတဲ့ စကားလုံးကနေ ဆင်းသတ်လာတာပါ။ ကိန်းဂဏန်းတွေ လို့ အဓိပ္ပါယ်ရပါတယ်။ သုည (ဝ) ကနေ ကိုး (၉) ထိ ဂဏန်း (၁၀) လုံးဟာ Digit ပါပဲ။ ကွန်ပျူတာစနစ်သုံး Digital ဆိုတာကတော့ သုည (ဝ) နဲ့ တစ် (၁) ဆိုပြီး နှစ်မျိုးပဲ ရှိပါတယ်။ Digital ပစ္စည်းတွေဟာ Electronic Device တွေ ဖြစ်တဲ့အတွက် ပါဝါလိုအပ်ပါတယ်။ သူတို့ လိုအပ်တဲ့ခိုင်းစေချက်တွေအတွက် ပါဝါလိုအပ်ရင် (1) လို့ သတ်မှတ်ပြီး မလိုအပ်ရင် (0) လို့သတ်မှတ်ပါတယ်။ Data သွားတဲ့လမ်းကြောင်းက 8 Bit ဖြစ်ပြီး ကျွန်တော်တို့သိထားတဲ့ A အက္ခရာကို Digital ပစ္စည်းက 01000001 လို့ သိပါတယ်။ လူသားတွေနားလည်တဲ့ စာပေအက္ခရာ၊ အသံ၊ အရောင် စတဲ့ ရှိရှိသမျှသော အကြောင်းအရာအချက်အလတ်တွေကို Digital Device တွေက 0 နဲ့ 1 နှစ်မျိုးထဲနဲ့ မှတ်သားထားနိုင်တာ အရမ်းအံသြစရာကောင်းလှပါတယ်။ ကဲ ဒီလောက်ဆိုရင် Digital ဆိုတာ ဘာလဲဆိုတာ သိလောက်ပါပြီ။ ကျန်တဲ့ အကြောင်းအရာတွေကို ဆက်ရအောင်။
HD ဆိုတာ
HD ဆိုတာကလဲ SD တင် ရိုက်လို့ရတာ မဟုတ်ဘူး HD လဲ ရိုက်ရတယ်လို့ ဆိုလိုဟန် ရှိပါတယ်။ ကဲ ဒါဆိုရင် HD နဲ့ SD ဘာကွာသလဲဆိုတာ ကြည့်ရအောင်။ SD ဆိုတာ Standard Definition ဖြစ်ပြီး HD ဆိုတာက High Definition ဖြစ်ပါတယ်။ သူတို့နှစ်ခုရဲ့ အဓိက ကွာခြားချက်ကတော့ ပါဝင်တဲ့ Resolution ပမာဏပဲ ဖြစ်ပါတယ်။ SD မှာ ဆိုရင် 720 x 480 Resolution ရှိပြီး HD မှာ ဆိုရင် 1280 x 720, 1440 x 1080, 1920 x 1080 စသဖြင့် ရှိပါတယ်။ ခုနောက်ပိုင်းပေါ်လာတဲ့ 4K Camera တွေမှာဆိုရင် Resolution ပမာဏဟာ 4000 ကျော်ရှိနေမှာ ဖြစ်ပါတယ်။ Theory Unit ပမာဏအရ K သည် Kilo ၏ အတိုကောက် ဖြစ်ပြီး သုည (၃) လုံး (1000 = 103) ကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် နောက်ပိုင်းလာတဲ့ Video Camera တွေမှာ Resolution ကို 4000 လို့မပြောတော့ဘဲ 4K လို့ သုံးနှုန်းကြတာဖြစ်ပါတယ်။ 4K မှာ ပါဝင်တဲ့ Resolution နဲ့ ပါဝင်တဲ့ Pixel ပမာဏတွေက 4096 x 2160 = 8,847,360 Pixels ဖြစ်ပါတယ်။ HD မှာတောင် ရိုးရိုး HD, Full HD ရှိတယ်ဆိုရင် 4K ကိုတော့ သူတို့နဲ့ ကွဲကွဲပြားပြားဖြစ်သွားအောင် Ultra HD လို့ နာမည်ပေးရပါမယ်။ သိမ်းဆည်းတဲ့ Bit Rate ပမာဏလည်း ကွာပါတယ်။ SD မှာ အမြင့်ဆုံး Maximum bit-rate အနေနဲ့ 9 Mbps အသုံးပြုနေချိန်မှာ HD ကတော့ 24 Mbps ထိ အသုံးပြုတာကို တွေ့ရပါတယ်။ Bit Rate မှာကိုပဲ CBR စနစ်နဲ့ VBR စနစ်ဆိုပြီး နှစ်မျိုးကွဲပြားနေပြီး VBR Bit Rate နဲ့ သိမ်းဆည်းတဲ့ ဗွီဒီယိုဖိုင်ဟာ CBR Bit Rate နဲ့ သိမ်းဆည်းတဲ့ဖိုင်ထက် File Size ပိုများနေသလို ပိုပြီးတော့လည်း ရုပ်ထွက် အရည်အသွေး ပိုကောင်းပါတယ်။ VBR ဆိုတာက Variable Bit Rate ဖြစ်ပြီး Variable ရဲ့အဓိပ္ပါယ်အတိုင်းပဲ လိုအပ်သလို ပြောင်းလဲနေမှာ ဖြစ်ပြီး CBR ကတော့ Constant ကိန်းသေ ဆိုတဲ့အတိုင်းပဲ Data စီးဆင်းမှုကို တသဝေမတိမ်း တသမတ်တည်း တိတိကျကျ စီးဆင်းနေမှာ ဖြစ်ပါတယ်။ ရိုက်ကူးတဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ DVD ခွေထုတ်တဲ့နေရာမှာပဲ ဖြစ်ဖြစ် ရုပ်ထွက် အရည်အသွေး Quality ကောင်းကောင်း လိုချင်ရင်တော့ VBR စနစ်ကို ရွေးချယ်ရမှာပါ။ 4K မှာတော့ Data Rate ဟာ Mbps နဲ့တောင် တိုင်းတာလို့ မရတော့ပါဘူး Gbps နဲ့ တိုင်းတာရပြီး 2.4 Gbps ဖြစ်ပါတယ်။
Video ဆိုတာ
Video လို့သာ တစ်လုံးတည်း ပြောလိုက်ပေမယ့် အသံ Audio ပါ ပါတယ်ဆိုတာကတော့ မပြောဘဲနဲ့ သိနေရမည့် ကိစ္စပါ။ ရုပ်မြင်သံကြားဆိုတဲ့အတိုင်း အရုပ်နဲ့ အသံဟာ တစ်တွဲတည်း ဖြစ်နေတတ်ပါတယ်။ ဒီနေရာမှာ Video ဆိုတာ ဘာစနစ်နဲ့ ရိုက်သလဲဆိုတာ အဓိကဖြစ်လာပါပြီ။ အခြေခံအားဖြင့်တော့ NTSC နဲ့ PAL ဖြစ်ပါတယ်။ NTSC ရဲ့အရှည်က National Television Standards Committee ဖြစ်ပြီး PAL က Phase Alternation Line ဖြစ်ပါတယ်။ ဥရောပနိုင်ငံအများစုက PAL စနစ်ကို အသုံးပြုကြပြီး US, Japan တို့က NTSC ကို အသုံးပြုကြပါတယ်။ မြန်မာနိုင်ငံဟာ NTSC အသုံးပြုတဲ့ နိုင်ငံဖြစ်ပါတယ်။ တစ်စက္ကန့်အတွင်းမှာ NTSC က ပုံ (၃၀) ရှိပြီး PAL က (၂၅) ပုံဖြစ်ပါတယ်။ HD Resolution တွေမှာ ရေးထားတဲ့ အသုံးအနှုန်းတွေက တချို့နေရာမှာ 1080i50, 1080i60 လို့ဖော်ပြကြပြီး တချို့က 1080p25, 1080p30, 720p25, 720p30 လို့ ဖော်ပြကြပါတယ်။ သူတို့တွေက တစ်ခုနဲ့ တစ်ခု ဘယ်လို ကွာခြားတာပါလိမ့်။ အတိုချုပ် 1080i50 ဆိုတာက Horizontal Pixel 1920 ပမာဏ x Vertical Pixel 1080 ပမာဏ ပါဝင်တဲ့ Resolution နဲ့ Record လုပ်ထားပြီး တစ်က္ကန့်ကို 25 Frames ရိုက်ကူးထားတဲ့ 16:9 interlaced HD Video ဖြစ်ပါတယ်။ အသံဖမ်း Sampling ကို 48 kHz အသုံးပြုထားပါတယ်။ i50 ဆိုတာ တစ်စက္ကန့်ကို ၂၅ ပုံနဲ့ရိုက်ကူးမှုကို ဆိုလိုတာဖြစ်ပြီး ၂၅ ပုံဆိုတာကလည်း Image Field နဲ့တွက်မယ်ဆိုရင် ၅၀ ရှိပါတယ်။ i50 ဟာ Frame Per Second နဲ့တွက်ရင် 25 fps ဖြစ်တာကြောင့် PAL စနစ်ဖြစ်ပါတယ်။ 1080p25 နဲ့ 1080p30 ဆိုတာကလည်း i နေရာမှာ p ဖြစ်သွားတာပဲ ကွဲပြားပါတယ်။ ကျန်တဲ့ သဘောတရားကတော့ အထက်ကရှင်းပြခဲ့တာနဲ့ အတူတူပါပဲ။ p က progressive-scan ဖြစ်ပြီး i က interlaced ဖြစ်ပါတယ်။ HD မှာ မြင်တွေ့ရတဲ့ 720p25 ဆိုတာက SD Resolution 720 x 480 ကို အနည်းငယ် ရှုပ်ထွေးနေသယောင်ရှိပါတယ်။ HD ရဲ့ 720 ဆိုတာက 1280 x 720 ဖြစ်ပါတယ်။ HD Platform မှာ မှတ်သားရလွယ်ကူအောင် ဂဏန်းတန်ဖိုးများတဲ့ Horizontal Pixel ကို မယူဘဲ နည်းတဲ့ Vertical Pixel ကို ပဲယူပါတယ်။ HD 1280 x 720 နဲ့ SD 720 x 480 မတူညီပုံကို သိထားရပါမည်။ Audio ပိုင်းမှာတော့ 32 kHz, 48 kHz တွေကို အများဆုံး အသုံးပြုကြပါတယ်။ နောက်ပိုင်းလာတဲ့ ကင်မရာများမှာ mono တစ်သံတည်းသာမက stereo နှစ်သံ (left channel and right channel) ပါ ဖမ်းလို့ရပါသည်။ Surround Sound ပါ ဖမ်းယူရတော့မယ့် နည်းလမ်းကလည်း မဝေးတော့ပါဘူး။
Camera ဆိုတာ
Camera မှာ ဓာတ်ပုံရိုက်တဲ့ Still Camera နဲ့ လှုပ်ရှားသက်ဝင်မှုများကို ရိုက်တဲ့ Movie Camera ဆိုပြီး နှစ်မျိုးရှိပါတယ်။ ခုနောက်ပိုင်းထွက်လာတဲ့ Camera တွေဖြစ်တဲ့ Nikon D3100 လို ဓာတ်ပုံရိုက်တဲ့ ကင်မရာကလည်း ဗွီဒီယို ရိုက်ကူးနိုင်သလို ပခုံးထမ်း Sony ကင်မရာဖြစ်တဲ့ HXR-MC1500P လို ဗွီဒီယိုကင်မရာကလည်း ဓာတ်ပုံရိုက်လို့ ရနေပါတယ်။
Recorder ဆိုတာ
Record ဆိုတာ ဖမ်းယူ သိမ်းဆည်းတာပါ။ Recording Media များစွာရှိနေသလို အခုနောက်ပိုင်း အသုံးအများဆုံးကတော့ Memory Card, Hard Disk တို့ဖြစ်ပါတယ်။ အသစ်ဝင်ရောက်လာမည့် 4K ကင်မရာတွေရဲ့ Recording Media တွေကတော့ Solid State Memory Card တွေ ဖြစ်ပါတယ်။ DVCAM Tape, Mini DV Tape တွေကိုတော့ မကြာမှီအချိန်အတောအတွင်းမှာပဲ ရာဇဝင်ထဲမှာ ချန်ထားရစ်ခဲ့ရမှာ ဖြစ်ပြီး အဆိုပါ Tape ထုတ်လုပ်မှုတွေ ရပ်ဆိုင်းတဲ့တစ်နေ့ ကမ္ဘာ့ကင်မရာသမိုင်းပြတိုက်မှာပဲ မြင်တွေ့နိုင်တော့မှာပါ။ မြန်မာနိုင်ငံလို နည်းပညာအဆင့်အတန်းနိမ့်ပါးတဲ့ နိုင်ငံမှာတောင် Broadcasting ရုပ်သံထုတ်လွှင့်မှုတွေကို HD Platform ပေါ် ပြောင်းရွေ့နေပါပြီ။ နိုင်ငံတကာမှာ SD , HD အပြောင်းအရွေ့ကာလကို တစ်နှစ်ထားရှိပြီး ထိုတစ်နှစ်အတွင်း တစ်နိုင်ငံလုံး HD Receiver, HDTV, BluePlayer တွေကို လိုက်ပါသုံးစွဲရပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ SD , HD အပြောင်းအရွေ့ကို သုံးနှစ်သတ်မှတ်ထားပြီး ခုချိန်ကစလို့ နောက်သုံးနှစ်မြောက်ဖြစ်တဲ့ 2016 မှာ ဆိုရင် SD Broadcasting လုံးဝထုတ်လွှင့်တော့မှာ မဟုတ်ဘဲ နိုင်ငံတကာ စံချိန်စံနှုန်းနဲ့အညီ HD Broadcasting ကို ပဲ တစ်နိုင်ငံလုံးက ရုပ်သံဌာနတွေ အသုံးပြုရတော့မှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ယခုအသုံးများနေတဲ့ SD Camera တွေ ဖြစ်တဲ့ 25, 500, 57 ကင်မရာတွေ တန်းဝင်အုံးမလားဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သေချာတာကတော့ သူတို့တွေသည် ဖလင်ကမရာများ နိဂုံးချုပ်သည့် လမ်းကြောင်းအတိုင်း တရွေ့ရွေ့နှင့်သွားနေတာကိုတော့ ဆက်လက်မြင်တွေ့ဖွယ်ရာရှိနေပါသည်။
နောက်တစ်ပတ်မှာ စီးပွားဖြစ် အလှူ, မင်္ဂလာဆောင် မှတ်တမ်းရိုက်ကူးမှုလုပ်ငန်းမှာ အသုံးများလာမည့် Memory Card နဲ့ Hard Disk အသုံးပြု Sony ရဲ့ HXR-MC1000P, HXR-MC1500P, HXR-MC2000E ကင်မရာတွေအကြောင်းကို အသေးစိတ် ဖော်ပြပေးပါမည်။ ဈေးနှုန်းအရကလည်း ၉ သိန်း နဲ့ ၁၂ သိန်းခွဲ သာရှိတဲ့အတွက် တန်ဖိုးသင့်သလို နောင်တစ်ချိန်လိုအပ်လို့ HD Platform ဖြစ်လာခဲ့မယ်ဆိုရင်လည်း HD Ready ဖြစ်နေတာကြောင့် ရွေးချယ်သင့်ပါတယ်။ သူတို့မှာ ပါဝင်တဲ့ Feature တွေနဲ့ HD အတွက် ပြင်ဆင်ရမည့် နည်းလမ်းတွေကို ပြောပြပါမည်။
ဆက်လက်ဖော်ပြပါမည်။
ဝေဖြိုးအောင် (AIT Computer)
www.aitcomputer.com
www.aitonlinetraining.com
Comments
Post a Comment