အခြေခံ ဗွီဒီယို ရိုက်ကူးနည်းစနစ်များ

 


ဒီတစ်ပတ်မှာတော့ ဗွီဒီယိုရိုက်တဲ့နည်းစနစ်တွေကို အခြေခံကျကျ ရှင်းပြချင်ပါတယ်။ Digital Camera ဆိုတာလူတိုင်းမရှိပေမယ့် Smart Phone ဆိုတာကတော့ လူတစ်ယောက်ရဲ့ မရှိမဖြစ် Essential Device ဖြစ်လို့်နေပါပြီ။ မိမိ စိတ်ဝင်စားတဲ့ အကြောင်းအရာ၊အခြေအနေမျိုးနဲ့ ဆုံတွေ့လို့ပဲဖြစ်ဖြစ်၊အမှတ်မထင် မြင်တွေ့လိုက်ရတဲ့ အဖြစ်အပျက်က ထူးခြားဖြစ်ရပ်မို့ မှတ်တမ်းတင်ထားတာပဲဖြစ်ဖြစ် ဗွီဒီယိုရိုက်ကူးဖို့ အခွင့်အရေးရှိလာပါမည်။ အဲဒီအခါမျိုးမှာ အခုဖော်ပြမည့်နည်းစနစ်တွေက စနစ်တကျ သပ်သပ်ရပ်ရပ် ဗွီဒီယိုဖိုင် ဖြစ်အောင် အများကြီး အထောက်အပံ့ဖြစ်သွားပါမည်။ မြင်ကွင်းကို Camera Bound ထဲမှာ ဝင်အောင်ချိန်ပြီး Record နှိပ်လိုက်တာ ဘာမှမခက်ခဲပေမယ့် တန်းဝင်ဗွီဒီယိုဖိုင် တစ်ခုဖြစ်ဖို့ဆိုရင် Focus, Lighting, Exposure, Composition စတဲ့ Video Technique တွေနဲ့ ပြည့်စုံဖို့ လိုအပ်လာပါမည်။

Basic Shot Type
အခြေခံရိုက်ကူးနည်းတွေကို အရင်ဆုံးပြောပါမည်။ အခြေခံ Basic လို့ဆိုတဲ့အတိုင်း အရမ်းကိုအခြေခံကျတဲ့ ရိုက်ကူးနည်းစနစ်တွေပါ။

EWS or CS
ဒီရိုက်ချက်တွေကို နိုင်ငံခြားကားတွေမှာ အများဆုံးတွေ့ရပါတယ်။ ပြချင်တဲ့နေရာရဲ့တည်နေရာ (Location) ကို Wide Shot နဲ့ရိုက်ပြတာပါ။ Establishing Shot လို့လည်းခေါ်ပါတယ်။ EWS ဆိုတာက Extreme Wide Shot ရဲ့ အတိုကောက်ပါ။ Cover Shot (CS) လို့လည်းခေါ်ပါတယ်။ အခုလိုရိုက်ချက်မျိုးမှာ Subject တွေကိုအတိအကျ မဖော်ပြသေးပါဘူး။ ခြုံငုံမြင်စေချင်တဲ့ သဘောပဲပြတာပါ။

VWS
ဖော်ပြချင်တဲ့ Subject ကို မြင်ရရုံသက်သက်သာ ပြတဲ့ရိုက်ချက်မျိုးပါ။ Subject နဲ့သူ့အနီးအနားက ပတ်ဝန်းကျင် environment ကိုတွဲဖက်ဖော်ပြကြပါတယ်။ ဒီရိုက်ချက်မှာ Subject ဟာ Frame အပြည့်ပါဝင် နေမှာပါ။ Safe Zone အတွင်းမှာဝင်အောင် သေချာရိုက်မှသာ Subject လှုပ်ရှားမှုသမျှကို ဖမ်းယူနိုင်မှာဖြစ်ပါတယ်။ Wide Shot (WS) or Long Shot (LS) လို့ခေါ်ပါတယ်။

MS
ဒီရိုက်ချက်မှာ Subject ကို ခါတိုင်းရိုက်ချက်ထက် အသေးစိတ်မြင်ရပါမည်။ MS ဟာ Medium Shot ရဲ့ အတိုကောက်ပါ။

ECU
Extreme Close Up ဆိုတဲ့ အတိုင်း အတော့်ကိုနီးနီးကပ်ကပ် ရိုက်ထားတဲ့ရိုက်ချက်ပါ။ ဒီရိုက်ချက်မျိုးကို နိုင်ငံခြား အက်ရှင်ကား၊ သည်းထိတ်ရင်ဖိုကားတွေမှာ အများဆုံးတွေ့ရပါတယ်။ ပစ္စည်းတစ်ခုခုကို နီးနီးကပ်ကပ် ရိုက်ပြထားပြီဆိုရင် ဒီပစ္စည်းဟာ ဒီဇာတ်လမ်းရဲ့အဖြေတစ်ခု ဖြစ်ပါတယ်။

CA
CA ရဲ့အရှည်ကို Cutaway လို့ခေါ်ပါတယ်။ လှုပ်ရှားမှုတစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး မတူညီတဲ့ အမြင်ရှုထောင့် Perspective ကနေ ရိုက်ကူးထားတဲ့ပုံစံဖြစ်ပါတယ်။ ဖြစ်လာနိုင်တဲ့ အခြေအနေကို ကြိုတင်ရိပ်မိအောင် ဖော်ပြချင်တဲ့ အချိန်၊အချိန်ကြာမြင့်စွာ ရိုက်ကူးတင်ပြနေတဲ့အကြောင်းအရာကို ငြီးငွေ့သွားမှာစိုးလို့ အပြောင်းအလဲဖြစ်အောင် တင်ပြချင်တဲ့အချိန်တို့မှာ ဒီ Cutaway ရိုက်ချက်တွေကို အသုံးပြုပါတယ်။

CI
CI ကိုတော့ Cut-in လို့ခေါ်ပါတယ်။ Subject ရဲ့ အစိတ်အပိုင်း အချို့ကို ပိုမိုအသေးစိတ် ညွှန်ပြ ရိုက်ကူးဖော်ပြတာပါ။ ဒါဟာ Cutaway ရိုက်ချက်နဲ့မတူပါဘူး။ Cut-in ရိုက်ချက်က Subject နဲ့တိုက်ရိုက်ဆက်စပ်နေ ပါတယ်။ ဥပမာ အရှိန်နဲ့မောင်းလာတဲ့ ရထား ဒါမှမဟုတ် ကားကို ရိုက်နေတဲ့ရိုက်ချက်မှာ ရထား၊ကားတစ်ခုလုံးကို ရိုက်ပြီးမှ ဘီးလည်နေတဲ့ရိုက်ချက်မျိုးဟာ Cut-in ရိုက်ချက်ဖြစ်ပါတယ်။ Cut-in ရိုက်ချက်က Subject နဲ့ တိုက်ရိုက်ဆက်စပ်နေပြီး Cutaway ရိုက်ချက်က မြင်ကွင်းနဲ့ ဆက်စပ်နေတဲ့ အစိတ်အပိုင်းသာဖြစ်ပြီး Subject ကအစိတ်အပိုင်းနဲ့ လုံးဝမပတ်သတ်ပါဘူး။

Combine Shot
Combine Shot မှာ Two Shot, Three Shot, Four Shot စသဖြင့် ရှိပါတယ်။ ဇာတ်ကောင်နှစ်ဦးကို Camera Bound (Camera Frame) အတွင်း ဝင်အောင်ရိုက်တဲ့ ရိုက်ချက်တွေကို Combine Shot လို့ခေါ်ပါတယ်။

OSS
လူတစ်ယောက်ရဲ့ပခုံးနောက်ကနေ မြင်ရတဲ့ပုံစံမျိုး ရိုက်ချက်ကို Over Shoulder Shot (OSS) လို့ခေါ်ပါတယ်။ စကားပြောနေတဲ့သူကို Focus ဖြတ်ထားပြီး ရိုက်ကူးတဲ့ Interview ပုံစံတွေမှာ OSS ရိုက်ချက်တွေ အများဆုံးတွေ့ရပါတယ်။

Noddy Shot
ဒီရိုက်ချက်တွေကို အင်တာဗျူးရိုက်ချက်တွေမှာ အများဆုံးတွေ့ရပါတယ်။ ပြောတဲ့သူရဲ့ မျက်နှာအမူအယာ၊ မျက်လုံး အနေအထား၊ ဦးခေါင်းအနေအထားတွေကို ခြုံငုံမှတ်ထားနိုင်တဲ့ ရိုက်ချက်ဖြစ်ပါတယ်။

POV
Subject ကနေ မြင်ရတဲ့ အနေအထားမျိုးရိုက်ချက်တွေကို Point of View Shot (POV) လို့ခေါ်ပါတယ်။ နိုင်ငံခြားကားတွေမှာ POV ရိုက်ချက်တွေကို မှတ်မှတ်ရရ ထည့်သွင်းဖော်ပြကြပါတယ်။

Weather Shot
ရာသီဥတုအခြေအနေ ပိုမိုပေါ်လွင်စေတဲ့ Environment ကို ပိုမိုအသားပေး ရိုက်ကူးပါတယ်။ အများအားဖြင့် မိုးကောင်းကင်ကို Camera Frame ရဲ့ သုံးချိုး/နှစ်ချိုးထိ ဖော်ပြရိုက်ကူးကြပါတယ်။

Camera Movement
အထက်မှာ ရှင်းပြခဲ့တာတွေက Camera Shot တွေပဲ ဖြစ်ပါတယ်။ အခုဆက်လက်ဖော်ပြပေးမှာက Camera တွေရဲ့ လှုပ်ရှားမှု (Camera Movement) ဖြစ်ပါတယ်။ ဗွီဒီယို ရိုက်ကူးတယ်ဆိုတာ ဓာတ်ပုံရိုက်ကူးတာနဲ့ မတူပါဘူး။ တစ်ခုခုကတော့ လှုပ်ရှားနေရပါမည်။ လူ လုပ်ချင်လုပ်၊ လူမလုပ်ရင် Camera လှုပ်ရပါမည်။ ဒီလို မဟုတ်ဘဲ အကုန်ငြိမ်နေကြမယ်ဆိုရင် Still ဓာတ်ပုံပဲ ဖြစ်သွားပါမည်။ Camera Movement (၉) မျိုးရှိပါတယ်။

Pan
ကင်မရာကို ရေပြင်ညီအတိုင်း ဘယ်မှညာ (သို့မဟုတ်) ညာမှဘယ် ရွေ့လျား ရိုက်ကူးတာပါ။ Pan ကို အသုံးပြုရတဲ့ ရည်ရွယ်ချက်က မြင်ကွင်း Setting တစ်ခုလုံးကို ထုတ်ဖော်ပြသရန်၊ Subject ကို ဖြတ်ပြီး တခြားဘက် Screen ထိ အနေအထားအားလုံး သိမ်းကျုံးယူရန်၊ Subject နှစ်ခုကြား ဆက်စပ်မှုကို ရိုက်ကူးဖော်ပြရန် အသုံးပြုကြပါတယ်။ ကြည့်တဲ့သူ မျက်စိလည်မသွားစေရန် Pan တဲ့အခါ Slow ဖြစ်ဖို့ အရေးကြီးပါသည်။ Scene နှစ်ခုကြား Transition လုပ်ချင်တဲ့အခါမှာတော့ Fast Pan ကို အသုံးပြုနိုင်ပါတယ်။ Pan ကို လိုတာထက် ပိုမို အသုံးပြုခြင်းကို ရှောင်ပါ။ Pan ထက်စာရင် Cover Shot နဲ့ Zooming ကို အသုံးပြုပါ။

Tilt
ကင်မရာဟာ ဒေါင်လိုက်အတိုင်း အပေါ်မှအောက်၊ အောက်မှအပေါ် ရွေ့လျားရိုက်ကူးခြင်း ဖြစ်ပါတယ်။ Tilt ကို အသုံးပြုရိုက်ကူးရတဲ့ ရည်ရွယ်ချက်တွေက Subject ရဲ့ ဒေါင်လိုက် အစိတ်အပိုင်းတွေကို ဖော်ပြရန်၊ ရှည်လျားတဲ့ Object တွေကို ပြသရန်၊ Subject ရဲ့ အစိတ်အပိုင်း အချင်းချင်း ဆက်စပ်မှုဖော်ပြရန် စသဖြင့် အသုံးပြုကြပါတယ်။
Zoom
Subject ရဲ့မြင်ကွင်းကို အနီးကပ်မှ အဝေး (သို့မဟုတ်) အဝေးမှ အနီးဖြစ်ဖို့ Lens မှာ ပါဝင်တဲ့ Zoom Control ကို အသုံးပြုပါတယ်။ Zoom လုပ်နေတဲ့အချိန်မှာ ကင်မရာ မရွေ့ရပါဘူး။

Truck
ကင်မရာကိုယ်တိုင် ဘယ်မှညာကို ရွေ့လျားတာဖြစ်ပါတယ်။ အဲဒီအတွက် ဘီးတွေ လိုအပ်ပါတယ်။ Truck က Pan နဲ့ အနည်းငယ်ဆင်တူပေမယ့် ကွာခြားတာကတော့ Truck က ပိုပြီး အနုပညာဆန်ပါတယ်။

Arc
Arc က Truck Movement ဖြစ်ပြီး Subject ကို စက်ဝိုင်းပြတ်လမ်းကြောင်းအတိုင်း ရွေ့လျားရိုက်ကူးပါတယ်။

Dolly
Subject ဆီကို ဦးတည်ပြီးတော့သော်လည်းကောင်း၊ Subject မှ အဝေးဆီကိုသော်လည်းကောင်း ကင်မရာရွေ့သွားတာဖြစ်ပါတယ်။

Follow Action
Subject ရွေ့တဲ့အတိုင်း Camera လိုက်ရွေ့တာပါ။ ဒီအတွက် Panning, Tilting နဲ့ Zooming တွေ ပါဝင်ပါတယ်။

Let in/ out
ကင်မရာကို အငြိမ်ထားပြီး Subject တွေက Camera Bound ထဲကို ဝင်လာမည် သို့မဟုတ် ထွက်သွားမည်။

Let in and Follow
Subject က Camera Frame ထဲ ဝင်လာပြီဆိုရင် ကင်မရာက ရွေ့လျားသွားတဲ့ Subject နောက် လိုက်ပါရိုက်ကူးတဲ့ ရိုက်ချက်မျိုးဖြစ်ပါတယ်။

ဝေဖြိုးအောင် (AIT Computer)
www.aitcomputer.com
www.aitonlinetraining.com

Comments

Popular posts from this blog

ဘုန်းကြီးကျောင်းသားဘဝမှ CEO ဖြစ်လာသူ

ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ Smart Phone စစ်ပွဲ (သို့မဟုတ်) Android OS မွေးဖွားလာခြင်း 2

မြန်မာနိုင်ငံ အဝေးသင်တက္ကသိုလ်များနှင့် e-Learning ကဏ္ဍ (အပိုင်း-၁)