အနာဂါတ်ရဲ့ ရုပ်သံ စံသတ်မှတ်ချက်တစ်ခု AVCHD

 


 ယခင်အပတ်က လူပြောများနေတဲ့ SD နဲ့ HD အကြောင်းကို ရှင်းပြခဲ့ပြီးပါပြီ။ အခုတစ်ပတ်မှာတော့ ရွေးချယ်စရာ HD format တွေထဲကနေ အချိန်တိုတိုအတွင်းမှာ တဟုန်ထိုးရှေ့တန်းရောက်လာတာကတော့ AVCHD format ဖြစ်ပါတယ်။ သာမာန် Budget သုံး မှတ်တမ်းတင် ကင်မရာမှသည် ရုပ်ရှင်၊ ကြော်ငြာ၊ အသံလွှင့် Professional HD Camera တွေမှာထိ Recording ရော Playback အတွက်ပါ AVCHD Format ကိုတွင်တွင်ကျယ်ကျယ် အသုံးချနေကြပါပြီ။ AVCHD Format ရဲ့အားသာချက်တွေကတော့ Content မှာ Thumbnail View ကြည့်ရှုနိုင်ခြင်း၊ တည်းဖြတ်သိမ်းဆည်းဖို့အတွက် PC တွေမှာ File Transfer လုပ်ရတာလွယ်ကူခြင်း၊ မြင့်မားတဲ့စွမ်းဆောင်ရည်ရှိတဲ့ MPEG-4 AVC/H-264 Video Compression နည်းစနစ်ကို အသုံးပြုထားတာကြောင့် ဈေးသိပ်မကြီးတဲ့ Memory Card တွေမှာတောင် Full HD quality ကို နာရီပေါင်းအချိန်ကြာကြာ Record ယူထားနိုင်ပါတယ်။
Sony ကလည်း AVCHD format နဲ့ record လုပ်တဲ့ Camera တွေကို Professional NXCAM series အနေနဲ့ထုတ်လုပ်ဖြန့်ချီပါတယ်။ NXCAM ရဲ့အဓိပ္ပါယ်က N ဆိုတာ Non-linear, X ဆိုတာက Multiple-usage, Cam ကတော့ Camcorder ဖြစ်ပါတယ်။ နောက်ထပ် အခေါ်တစ်ခုက NeXt Generation Camcorder ဖြစ်ပါတယ်။
AVCHD Format ရဲ့ အဓိကရည်ရွယ်ချက်က Flash Memory, Hard Disk Drive, Optical Disc ကဲ့သို့သော Media တွေပေါ်မှာ HD Video Footage တွေကို ရိုက်ကူးဖမ်းယူနိုင်ဖို့ ဖြစ်တယ်။
AVCHD Vs HDV
AVCHD ကို သူ့ရှေ့က အရင်ပေါ်ခဲ့တဲ့ HDV နည်းပညာနဲ့ နှိုင်းယှဉ်ကြည့်ပါမည်။
Picture Format
နှစ်ခုစလုံးမှာသုံးတဲ့ Picture Format တွေကတော့ 1080/60i, 1080/50i, 1080/24p ဖြစ်ပါတယ်။ အထူးမှတ်ထားရမှာက HDV မှာ 720 မရှိဘဲ AVCHD မှာတော့ 720 Picture Format ကို ထောက်ပံ့ပေးထားခြင်းပါပဲ။
Number of Pixels
HDV မှာ 1440 x 1080 တစ်မျိုးသာရပြီး AVCHD မှာတော့ 1920 x 1080, 1440 x 1080 (Full HD) အပြင် 1280 x 720 ပါ ရရှိနိုင်ပါတယ်။
Aspect Ratio
Aspect Ratio ဆိုတာက Normal Screen နဲ့ Wide Screen ကို ပြောတာပါ။ ယခင် TV အဟောင်းတွေက 4:3 Ratio ဖြစ်ပြီး ခုနောက်ပေါ်လာတဲ့ Wide Screen မျိုးနွယ် LCD, LED TV တွေကတော့ 16:9 Ratio ဖြစ်ပါတယ်။ 16 က အလျားရဲ့ အချိုးအစားကို ပြောပြီး 9 က အနံရဲ့ အချိုးအစားကို ပြောတာပါ။
Compression
Compression ကို Convert လုပ်ခြင်းလို့လည်း ပြောလို့ ရပါတယ်။ မြင်ကွင်းကို မှတ်သားတဲ့အခါမှာ လျှင်မြန်မှုရှိအောင်၊ File Size လည်း မများအောင်၊ ရုပ်ထွက် အရည်အသွေးလည်း မကျဆင်းအောင် Encoding လုပ်ဖို့ လိုအပ်ပါတယ်။ HDV က MPEG-2 ကို အသုံးပြုပြီး AVCHD က MPEG-4 AVC/H.264 ကို အသုံးပြုပါတယ်။
Sampling Format
Video Component Signal (၃) မျိုးနဲ့ Pixel Density ညွှန်ပြပါတယ်။ နှစ်မျိုးစလုံးကတော့ 4:2:0 အချိုးကိုပဲ အသုံးပြုပါတယ်။ 4 က Y (luminance signal) အတွက်ဖြစ်ပြီး 2 က R-Y (Red Singal ကနေ luminance signal ကို နုတ်) တဲ့ တန်ဖိုးဖြစ်ပြီး နောက်ဆုံး 0 ကတော့ B-Y (Blue signal ထဲကနေ luminance signal နုတ်) တဲ့ တန်ဖိုး အချိုးဖြစ်ပါတယ်။
Audio
Audio Format အနေနဲ့ AVCHD က Dolby Digital နဲ့ Linear PCM (uncompressed) ကို အသုံးပြုပြီး HDV က MPEG-1 (Audio Layer II) ကို အသုံးပြုပါတယ်။ Audio Bitrate မှာ AVCHD က 640 kbps ကနေ 1.5 Mbps ကြားမှာ အသုံးပြုဖမ်းယူပြီး HDV ကတော့ 384 kbps သာ ရှိပါတယ်။ AVCHD မှာ 5.1 ch, 7.1 ch ထိ ရနေချိန်မှာ HDV ကတော့ Stereo 2 ch မှာပဲ အနိုင်နိုင် ရုန်းကန်နေရပါတယ်။
AVCHD အသုံးပြု Media များ
လက်ရှိ ရုပ်သံနည်းပညာတွေမှာ AVCHD ကို ဘာကြောင့် ရွေးချယ်သင့်သလဲဆိုတော့ Blu-ray Disc တွေပေါ်မှာ HD Movie ရိုက်နိုင်ခြင်း၊ Japan နိုင်ငံကဲ့သို့သော ရုပ်သံအဆင့်မြင့် နိုင်ငံမှာတောင် Digital TV broadcasting အတွက် AVCHD ကို အသုံးပြုခြင်း၊ အင်တာနက်ပေါ်က Video Website အကြီးဆုံးဖြစ်တဲ့ Youtube မှာလည်း AVCHD ကို အသုံးပြုနေခြင်း၊ Play Station Portable (PSP) တွေမှာ AVCHD Video ကို ပြန် Play နိုင်ခြင်း၊ Portable Music Device ဖြစ်တဲ့ Walkman, iPhone, iPod တွေမှာလည်း AVCHD Video ကို အလွယ်တကူ Play နိုင်ခြင်းတို့က ရုပ်သံဗွီဒီယို လောကမှာ AVCHD ဟာ ရွေးချယ်ရမည့် တစ်ခုတည်းသော Format ဖြစ်လာပါတယ်။ AVCHD ရဲ့ အရှည်က Advanced Video Coding High Definition ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ HD
မြန်မာနိုင်ငံရဲ့ လက်ရှိနည်းပညာအနေအထားအရ Broadcasting ပိုင်းတွင်သာ HD ဖြစ်နိုင်သော်လည်း Home Entertainment တွေမှာ HD ဖြစ်ဖို့ကတော့ လိုအပ်ချက်တွေ အများကြီး ရှိနေပါသေးတယ်။ ပထမဆုံး အနေနဲ့ Blu-ray Disc တွေ ဈေးကျလာပြီး အလွယ်တကူ ဝယ်ယူနိုင်ဖို့နဲ့ Blu-ray Player တွေ သုံးသောင်း လေးသောင်းထိ ဈေးကျလာဖို့ လိုပါတယ်။ ဒါမှသာ အိမ်တိုင်းဝယ်ယူနိုင်မှာ ဖြစ်ပြီး တစ်သိန်းအထက်မှာပဲ ရှိနေဦးမည်ဆိုလျှင် BD Player ဟာ ပိုက်ဆံရှိသူတွေရဲ့ ဓနဥစ္စာအဆောင်အယောင်သာ ဖြစ်နေပါဦးမည်။ HD ရုပ်တွေကို တည်းဖြတ်နိုင်တဲ့ Computer တွေရဲ့ စွမ်းဆောင်ရည် Performance တွေဟာ အမြင့်ဆုံးဖြစ်ဖို့ လိုအပ်နေတာကလည်း မြန်မာနိုင်ငံကို HD လမ်းကြောင်းပေါ်ရောက်ဖို့ နောက်ထပ် (၁၀) နှစ် စောင့်ခိုင်းနေသလိုပါပဲ။
မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာနဲ့ ရင်ပေါင်တန်းပြီး နည်းပညာလိုက်နိုင်တယ် ဆိုသော်ငြားလည်း ပိုက်ဆံ ထပ်မကုန်နိုင်တဲ့ နည်းပညာသာ လိုက်နိုင်ပြီး ငွေကုန်ကြေးကျများတယ်ဆိုရင် နောက်ကျ ကျန်ရစ်ဖြစ်မယ်ဆိုတာ SD – HD အကူးအပြောင်းက စကားပြောနေပါသည်။ VHS နည်းပညာတွေ၊ DVCAM နည်းပညာတွေမှာ ကမ္ဘာနဲ့ မရှေးမနှောင်း လိုက်နိုင်ခဲ့ကြပေမယ့် HD မှာတော့ ကမ္ဘာမှာ 2003 ခုနှစ်ထဲက အသုံးပြုနေတာတောင် ကျွန်တော်တို့အနေနဲ့ 2013 ထိ မြန်မာဇာတ်ကားတွေ Blu-ray နဲ့ HD ထုတ်နိုင်တာ မတွေ့မိသေးပါဘူး။ ကျွန်တော်တို့ ရိုက်တဲ့ မှတ်တမ်းခွေတွေတောင် ပိုက်ဆံတတ်နိုင်တဲ့အိမ်တွေမှာမှ Blu-ray နဲ့ ပေးဖြစ်ပါတယ်။ ဒါတောင် တစ်နိုင်ငံလုံးအနေနဲ့ လက်ချိုးရေလို့ ရပါသေးတယ်။
အခုပေါ်နေတဲ့ 4K Camera တွေမှာ ဆိုရင် HD ထက် ပိုမိုကောင်းမွန်တဲ့ Resolution တွေ အသုံးပြုထားပါတယ်။ 1.5 K, 2K အဆင့်လောက်သာ ရှိတဲ့ HD Format တောင် လူတိုင်းအသုံးမပြုနိုင်သေးတာ 4K ဟာ ကျွန်တော်တို့ အတွက် စောများ စောနေသလားပဲ။ ဒါပေမယ့်လည်း နည်းပညာအရ RAW Video Format ကို ဦးတည်ရွေ့လျားနေတဲ့ အခြေအနေရှိနေတာကြောင့် နောက်တစ်ပတ်မှာတော့ 4K Camera တွေ အကြောင်း ဆွေးနွေးတင်ပြပေးပါမည်။
ကျွန်တော်တို့သုံးနေတဲ့ Camera မှာ ပါဝင်တဲ့ AVCHD Format နဲ့ Blu-ray ခွေတွေကို လူတိုင်းကြည့်နိုင်ဖို့ ပြည်သူအားလုံးရဲ့ အိမ်တိုင်းမှာ HDTV နဲ့ Blu-ray Player ရှိလာနိုင်တဲ့ ဖွံ့ဖြိုးတိုးတတ်လာမည့် မြန်မာ့ရွှေခေတ်ကို စောင့်မျှော်နေရင်း ....
နည်းပညာနဲ့ ငွေဟာ တိုက်ရိုက် အချိုးကျပါတယ်

ဝေဖြိုးအောင် (AIT Computer)
www.aitcomputer.com
www.aitonlinetraining.com

Comments

Popular posts from this blog

ဘုန်းကြီးကျောင်းသားဘဝမှ CEO ဖြစ်လာသူ

ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ Smart Phone စစ်ပွဲ (သို့မဟုတ်) Android OS မွေးဖွားလာခြင်း 2

မြန်မာနိုင်ငံ အဝေးသင်တက္ကသိုလ်များနှင့် e-Learning ကဏ္ဍ (အပိုင်း-၁)