ဖလင်ရုပ်ရှင်ကို အမြန်ဆုံးနိဂုံးချုပ်စေမည့် 4K နည်းပညာ
အခုဆောင်းပါးရဲ့ အဓိကစကားလုံးဖြစ်တဲ့ 4K ဆိုတာ ဘာလဲ မရှင်းပြသေးခင် HD Format နဲ့ AVCHD Format အကြောင်းကို အရင်ပြောပြပါမည်။ HD လို့ အတိုကောက် ခေါ်နေတဲ့ HDV Format ကို Sony နဲ့ Canon ကုမ္ပဏီတို့က Develop လုပ်ခဲ့ပါတယ်။ HDV ရဲ့ အမြင့်ဆုံး ရနိုင်တဲ့ Resolution က 1440 x 1080 ဖြစ်ပါတယ်။ HD မှာ 720 HD လည်း ရှိသေးတာကြောင့် 1080 ရနိုင်တဲ့ HD Format ကို Full HD လို့ ခေါ်ကြပါတယ်။ မိမိအိမ်မှာ Full HD ကြည့်ချင်တယ်ဆိုရင် ဝယ်ယူရမည့် LCD/LED TV ကလည်း Full HD 1080 ဖြစ်မှ ရပါမည်။ ကျွန်တော်ဝယ်ယူထားတဲ့ TV ဆိုရင် 1366 x 768 သာ ရတဲ့အတွက် Full HD အစစ် မရရှိပါဘူး။ ဒါကြောင့် LCD TV ဝယ်ယူမယ်ဆိုရင် 1080 ပါရှိတဲ့ Model Product ကိုသာ ဝယ်ယူသင့်ပါသည်။
ယခင်အပတ်က ဖော်ပြခဲ့တဲ့ AVCHD Format ဟာ 1920 x 1080 ထိ ရတဲ့အတွက် HD လမ်းကြောင်းမှာ ရှေ့တန်းရောက်လာပါတယ်။ 1920 ကို သင်္ချာသဘောအရ နီးရာထောင်ပြည့်ကိန်းယူရင် 2000 ရပါမည်။ ကွန်ပျူတာရဲ့တိုင်းတာတဲ့ Unit တွေမှာ 1000 ကို 1K လို့ သုံးပါသည်။ 2000 ဆိုရင် 2K, 4000 ဆိုရင် 4K လို့ ခေါ်ပါမည်။ 4K လို့ခေါ်တဲ့ Camera မှာ ပါဝင်တဲ့ Resolution တွေက 4096 x 2160 ဖြစ်ပါတယ်။ သတိထားမိရမှာက HD မှာ အနံရဲ့ Resolution ကိုသာ ယူပြီး (ဥပမာ 1920 x 1080 တွင် 1080 ကိုသာယူခြင်း) 4K တွင် အလျားရဲ့ Resolution ကို ယူပါတယ်။ (ဥပမာ 4096 x 2160 တွင် 4096 ကို ယူခြင်း)။ ဗွီဒီယိုကင်မရာတစ်လုံးဟာ 2K Resolution ကိုသာ အပြည့်အဝ ရရှိခဲ့မယ်ဆိုရင် ဒါဟာ ရုပ်ရှင်ရုံမှာ ရုံတင်ပြသလို့ရတဲ့ အရည်အသွေး အဆင့်အတန်းမီတဲ့ အဆင့်ဖြစ်သွားပါပြီ။ ဒါကြောင့် နောက်ပိုင်းလာတဲ့ နိုင်ငံခြား ရုပ်ရှင်တွေမှာ ရုပ်ရှင်ဖလင်ကင်မရာနဲ့ မရိုက်ကူးတော့ဘဲ ဗွီဒီယိုကင်မရာတွေနဲ့သာ ရိုက်ကူးကြပါတယ်။ ဗွီဒီယိုကင်မရာက ဒစ်ဂျစ်တယ်စနစ်ဖြစ်နေတာကြောင့် VFx Effect တွေ ထည့်လို့ရနိုင်တာ၊ 3D Animation Effect တွေနဲ့ အလွယ်တကူ တွဲလုပ်နိုင်တာ၊ CG လို့ အတိုကောက်ခေါ်နေတဲ့ Computer Graphic တွေကို ထည့်သွင်းပေါင်းစပ် အသုံးပြုပြီး Post Production မှာ စိတ်ကြိုက် ပြင်ဆင်နိုင်တာ စတဲ့ အားသာချက်တွေ ရှိပါတယ်။ ကမ္ဘာ့ရုပ်ရှင်လောကမှာလည်း ဖလင်ကင်မရာ ငှားရမ်းမှုနဲ့ ဖလင်အသုံးပြု ရုပ်ရှင်ဇာတ်ကားတွေရဲ့ ဈေးကွက်မှာ ၃၀ % သာ ကျန်ရှိပါတော့တယ်။ ရုပ်ရှင်ဖလင် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေမှာ လက်တလောဈေးကွက်အခြေအနေအရ အော်ဒါမှာယူမှသာ ကုန်ပစ္စည်းထုတ်လုပ်ပေးရတဲ့ အခြေအနေထိ လုပ်ငန်းအခြေအနေ အတော်ဆိုးရွားလာပါတယ်။ ဓာတ်ပုံဖလင်တွေ နိဂုံးချုပ်ခဲ့တဲ့လမ်းစဉ်အတိုင်း ရုပ်ရှင်ဖလင်တွေလည်း ကောက်ကောက်ပါအောင် လိုက်နေတာကို မြင်တွေ့ နေရပါတယ်။
နိုင်ငံအသီးသီးမှာ ရှိနေကြတဲ့ ဖလင်ရုပ်ရှင်ရုံ အများစုဟာ Digital Cinema ကို ပြောင်းနေကြပြီး 3D Digital ရုပ်ရှင်ကားတွေကို အောင်မြင်စွာ ရုံတင်ပြသနိုင်ခြင်းက ဖလင်အခြေပြု ရုပ်ရှင်ကားတွေကို လူစိတ်ဝင်စားမှု လျှော့ကျစေပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာလည်း Digital Cinema အဖြစ်အဆင့်မြှင့်တင်ရန် လိုအပ်နေပြီး လက်တလော ဆောက်လုပ်ပြီးစီးခါစ Shopping Mall တွေမှာ Digital Cinema ရုံတွေကို မမေ့မလျှော့ ပါဝင်ထည့်သွင်း ဆောက်လုပ်နေကြပါတယ်။ ဒါဟာ မြန်မာ့ရုပ်ရှင်လောကအတွက် တိုးတတ်ပြောင်းလဲလာမည့် လက္ခဏာတစ်ရပ်ဖြစ်လာသလို နိုင်ငံခြားဇာတ်ကားတွေနဲ့ အပြိုင် ရုပ်ထွက်အရည်အသွေး အသံအရည်အသွေး ယှဉ်ပြိုင်နိုင်ဖို့ကလည်း ရုပ်သံမီဒီယာလောကသားတွေအတွက် စိန်ခေါ်မှုတစ်ရပ်ပါပဲ။
4K Camera
4K အရည်အသွေးနဲ့ ရိုက်ကူးနိုင်တဲ့ ကင်မရာအမျိုးအစားတွေကို မြန်မာပြည်အတွင်းမှာပင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ ဖုန်းထုတ်လုပ်သူများပင် ဖုန်းမှာ ပါဝင်တဲ့ ကင်မရာကို 4K ရုပ်ထွက်ပေးစွမ်းနိုင်သည့် စက်အမျိုးအစားကို ထည့်သွင်းထုတ်လုပ်နေကြပါပြီ။ ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်းမှာ ကွန်ပျူတာနည်းပညာထွန်းကားလာမှုနဲ့အတူ ဗွီဒီယိုရုပ်သံလုပ်ငန်းကို လူတိုင်းအလွယ်တကူ လုပ်ကိုင်လာနိုင်ခဲ့သလို ယခု 4K နည်းပညာထွန်းကားလာမှုက ရုပ်ရှင်ရုံများတွင် ရုံတင်ပြသနိုင်သည့် ရုပ်ထွက် အရည်အသွေးကို မိမိတို့အိမ်မှာ ရှိနှင့်ပြီးသား ကွန်ပျူတာတွေဖြင့်ပင်ဖန်တီးလုပ်ဆောင်နိုင်တော့မည့် အခြေအနေက တွေးကြည့်ရုံဖြင့်ပင် ရင်ခုန်လှုပ်ရှားချင်စရာကောင်းလှသည်။ HD နည်းပညာ 2K အဆင့်မှာတောင် တည်းဖြတ်မည့် ကွန်ပျူတာ Hardware Requirement များနေခဲ့တာဆိုတော့ 4K ဆိုရင် သူ့ထက် နှစ်ဆ မြင့်စရာ လိုမည်ဟု ထင်မြင်နိုင်စရာ ရှိပါသည်။ အမှန်တကယ်ကား ထိုသို့ မဟုတ်ပါ။ 4K ရုပ်သံများကို RAW Format ဖြင့်သာ ဖမ်းယူခြင်းဖြစ်ပြီး ကွန်ပျူတာဖြင့် တည်းဖြတ်မည့်အဆင့်တွင် မူရင်း RAW ဗွီဒီယိုဖိုင်များကို တိုက်ရိုက်ကိုင်တွယ် တည်းဖြတ်ခြင်းမဟုတ်ဘဲ သူတို့ရဲ့ Proxy ဖိုင်များကိုသာ အသုံးပြုခြင်းဖြစ်ပါသည်။ Proxy ကို ဘာသာပြန်ရလျှင် ကိုယ်စားလှယ်၊ ကိုယ်စား လို့ ပြန်ရပါမည်။ ဆိုလိုတာက မူရင်းဖိုင်က 5GB ပမာဏရှိတယ်ဆိုလျှင် တည်းဖြတ်တဲ့နေရာမှာ အချိန်မြန်အောင်ရယ် စက်သက်သာအောင်ရယ် 5 MB ပမာဏမျှသာရှိတဲ့ဖိုင်ကိုပဲ ကိုင်တွယ်တည်းဖြတ်ရမှာပါ။ ဒါဟာ HD မှာ ရင်ဆိုင်ဖြေရှင်းခဲ့ရတဲ့ Hardware အမြင့်တောင်းဆိုမှု ပြဿနာကို ဖြေရှင်းလိုက်ခြင်းပါပဲ။
HDV Camera တွေမှာ HD Format ရဖို့ဆိုရင်
Sony HVR-Z7U/Z7N ကင်မရာတွေမှာ 1080i HD အရည်အသွေးဖြင့် ရိုက်ကူးဖမ်းယူလိုပါက Camera Setting ၏ iLink တွင် off ထားပေးဖို့ လိုအပ်ပါသည်။ On ထားပါက 1080i HD ဖြင့် ရိုက်ထားသော်လည်း Recording Media တွင် SD Resolution ဖြစ်တဲ့ 720 x 480 သာ ဖြစ်နေပါမည်။ On ရဲ့ အဓိပ္ပါယ်ကား HD to SD Downconvert ကို On ထားခြင်း ဖြစ်တာကြောင့် ရိုက်ထားသော HD ရုပ်ကို တစ်ခါတည်း SD Downconvert ချပြီး ပြောင်းလိုက်တာကြောင့် ဖမ်းယူလိုက်တဲ့အခါ SD Format ဖြစ်သွားခြင်း ဖြစ်ပါတယ်။
4K in Broadcasting
ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှု Broadcasting နည်းပညာမှာလည်း 4K နည်းပညာက အစားထိုးဝင်ရောက်လာဖွယ် ရှိနေပါသည်။ Broadcasting ထုတ်လွှင့်မှုတွေမှာလည်း HD Format ကို အပြိုင်အဆိုင် လွှင့်ထုတ်လျှက်ရှိရာ 4K သည့် လိုအပ်နေသည့် Resolution ထက်ကို ပိုလျှံနေသဖြင့် အနာဂတ်၏ ရွေးချယ်စံထားစရာ နည်းပညာဖြစ်လာနေပေသည်။ ပြီးခဲ့သည့် Confederation Cup ဘောလုံးပြိုင်ပွဲကို 4K နည်းပညာဖြင့် အောင်မြင်စွာ Live ထုတ်လွှင့်နိုင်ခဲ့ပြီး ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် 2014 ကမ္ဘာ့ဖလားတွင် 4K HD ရုပ်များဖြင့် စီစဉ်ထုတ်လွှင့်ဖို့ရာ အစစ အရာရာ ကြိုတင်ပြင်ဆင်လျှက် ရှိနေသည်။
Network Capability
ရုပ်သံရိုက်ကူးထုတ်လွှင့်မှုများတွင် ကေဘယ်ကြိုးမြောက်များစွာ ချိတ်ဆက်အသုံးပြုရခြင်းကို 4K နည်းပညာက Wireless နည်းပညာများကို အသုံးပြုခြင်းအားဖြင့် ရှောင်ရှားထားသည်။ လုံးဝ ကေဘယ်ကြိုးအသုံးမပြုဆိုတဲ့အဆင့်ကို မရောက်သေးပေမယ့် ယခင်နည်းပညာအဟောင်းတွေလောက် များတော့ဘဲ ကြိုးအရေအတွက်ကို 1500 မှ 70 ထိ အရေအတွက် လျှော့ချနိုင်ပါသည်။ ကင်မရာကို WiFi, 3G/4G/LTE ချိတ်ဆက်မှု ပြုနိုင်တာကြောင့် Remote Control ဖြင့် အဝေးမှ ခိုင်းစေ အသုံးချနိုင်ခြင်း၊ Tablet/Smart Phone တို့မှတဆင့် Monitoring စောင့်ကြည့်နိုင်ခြင်း၊ 4K Server ဆီကို File Transfer ပြုလုပ်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိခံစားနိုင်ပါတယ်။
လူတိုင်းဖန်တီးနိုင်တော့မည့် ရုပ်ရှင်နည်းပညာ
4K Camera ကို Support လုပ်တော့မည့် Smart Phone တွေ မကြာခင်ဈေးကွက်အတွင်းမှာ ဝင်ရောက်လာမှာ ဖြစ်တဲ့အတွက် များမကြာမှီအတောအတွင်းမှာပဲ ဒီနည်းပညာကို လက်တွေ့အသုံးပြုရတော့မှာပါ။ ဒီလိုမျိုးဖုန်းကင်မရာတွေနဲ့သာ ကျွန်တော်တို့ရှေ့မှာ ဖြစ်ပျက်နေတဲ့ မြင်ကွင်းတစ်ခုကို အမီအရ ရိုက်ကူးမှတ်တမ်းတင်နိုင်ခဲ့မည်ဆိုလျှင် ထိုမြင်ကွင်းကို အနုပညာအမြင်နဲ့ စနစ်တကျ ရိုက်ကူးနိုင်ခဲ့မည်ဆိုလျှင် ဒီဗွီဒီယိုဖိုင်ကို ရုပ်ရှင်ပိတ်ကားပေါ်မှာ ပြသလို့ ရနိုင်တဲ့ အရည်အသွေး ရှိနေတယ်ဆိုတာ အိပ်မက်မဟုတ် လက်တွေ့ကမ္ဘာဖြစ်တယ်ဆိုတာ 4K က သက်သေပြသွားပါမည်။
ဝေဖြိုးအောင် (AIT Computer)
www.aitcomputer.com
www.aitonlinetraining.com
Comments
Post a Comment